/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်အသည်းကို-ဒုက္ခပေးနေတဲ့-အမူအကျင့်တွေ

သင့်အသည်းကို ဒုက္ခပေးနေတဲ့ အမူအကျင့်တွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ယနေ့ ဇူလိုင် (၂၈) ရက်နေ့ဟာ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဖြစ်ပါတယ်။ အသည်းကို ကာကွယ်ဖို့အတွက် ရှောင်ရှားသင့်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အသည်းဟာ ခန္ဓာကိုယ်ရဲ့  အကြီးမားဆုံး ကိုယ်တွင်းကလီစာတစ်ခုဖြစ်ပြီး သွေးကို သန့်စင်တာ၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ၊ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို သိုလှောင်ထားပေးတာ စတဲ့ အရေးကြီးတာဝန်တွေကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် အသည်းကျန်းမာအောင် ဒါတွေရှောင်ပါ။

●  အရက်တွေ အများကြီး သောက်တာ
အရက်သောက်တာများရင် အသည်းက ရောင်လာတတ်ပါတယ်။ ရောင်တာကြာလာတာနဲ့အမျှ အသည်းခြောက်မယ်၊ နောက်ဆုံး အသည်း လုံးဝပျက်စီးပြီး အလုပ်မလုပ်နိုင်တော့တဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။

●  ရေများများ မသောက်တာ
ရေသောက်နည်းရင် အသည်းက အဆိပ်အတောက်တွေ ဖယ်တဲ့လုပ်ငန်းကို ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ ဒီအခါမှာ တခြားအစိတ်အပိုင်းတွေကိုပါ သွားပြီးထိခိုက်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၂ လီတာလောက် သောက်သုံးသင့်ပါတယ်။

●  ဆေးလိပ်သောက်တာ
ဆေးလိပ်မှာ လူကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေပါတာကြောင့် ကြာလာရင် အသည်းကို ထိခိုက်ပြီး အသည်းကင်ဆာပါ ဖြစ်နိုင်ပါတယ်။

●  အဝလွန်တာ
အဝလွန်တဲ့အခါမှာ အဆီတွေက အသည်းမှာ သွားစုပြီး အသည်းအဆီဖုံးတာ ဖြစ်နိုင်ပါတယ်။ အဆီဖုံးရာကနေ အသည်းခြောက်မယ်၊ နောက်ဆုံး အသည်းပျက်စီးတဲ့အဆင့်ထိ ရောက်နိုင်ပါတယ်။

●  အချိုစားတာ များတာ
Fructose ဆိုတဲ့ သကြားဓာတ်တစ်မျိုးကို အသည်းကနေပဲ ခြေဖျက်နိုင်ပြီး စားတာများလာတဲ့အခါ အသည်းက ခြေကုန်လက်ပန်းကျလာပြီး ထိခိုက်လာပါတယ်။

●  အိပ်ခါနီး အစားအများကြီးစားတာ
အသည်းက သူ့ရဲ့အလုပ်တွေကို ညဘက်မှာ လုပ်တာများတာကြောင့် ညဘက်မှာ ခြေဖျက်ရများတဲ့ အစားတွေစားတဲ့အခါ အလုပ်ပိုလုပ်ရသလို ဖြစ်သွားပါတယ်။

●  အဆီစားတာ များတာ
အဆီစားရင် ခန္ဓာကိုယ်မှာ ကိုလက်စထရောတွေ များလာပြီး အသည်းသာမက တခြားအစိတ်အပိုင်းတွေကိုပါ ဒုက္ခပေးတတ်ပါတယ်။

●  အကာအကွယ်မဲ့ လိင်ဆက်ဆံတာ
အထူးသဖြင့် လိင်ဆက်ဆံဖော်များတဲ့ လူတွေပါ။ HIV ကာလသားရောဂါပိုးတွေအပြင် အသည်းကို ဒုက္ခအပေးဆုံးဖြစ်တဲ့ အသည်းရောင် အသားဝါ B ပိုးပါ ကူးစက်စေနိုင်ပါတယ်။

●  ဆေးဖက်ဝင်အပင်တွေ ဗီတာမင်တွေ အလွန်အကျွံသုံးစွဲတာ
အသည်းဟာ အဆိပ်အတောက်တွေကို ခြေဖျက်ရတာကြောင့် ဒီလိုအပင်တွေ ၊ ဗီတာမင်တွေရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ အပိုင်းတွေကို ဖယ်ရှားပေးရပါတယ်။ အရမ်းများပြားလာတဲ့အခါမှာ အသည်းကို အဆိပ်အတောက် ဖြစ်စေပါတယ်။

●  စိတ်ဖိစီးမှုတွေ များတာ

●  လေ့ကျင့်ခန်း ပုံမှန်မလုပ်တာ
လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးပေါက်တွေ ပွင့်သွားပြီး အဆိပ်တွေကို တစ်ဖက်တစ်လမ်းက ထုတ်ပေးတာကြောင့် အသည်းကို ကူညီပေးသလို ဖြစ်စေပါတယ်။

●  စပ်ဆေးတွေ သောက်တာ၊ ကိုယ့်ဘာကို ဆေးဝယ်သောက်တာ
ရိုးရိုးအကိုက်အခဲပျောက်ဆေးတောင်မှ အလွန်အကျွံသုံးမိရင် အသည်းကို ထိခိုက်စေပါတယ်။ နောက်ဆုံး အသည်းပျက်စီးတဲ့အဆင့် ထိရောက်နိုင်ပါတယ်။

Dr. Htar (www.drmyanmar.com)