/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရာသီဥတု-အပြောင်းအလဲ-နဲ့-နှင်းခူ

ရာသီဥတု အပြောင်းအလဲ နဲ့ နှင်းခူ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ရာသီဥတု အပူအအေးကြောင့် အသားအရေမှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် နှင်းခူ ရှိနေသူတွေမှာပေါ့။ ဒါဆို ဘယ်ရာသီဥတုကအဆိုးဆုံးလဲ။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းစီပေါ်မှာ မူတည်ပါတယ်။ အပူ၊ အအေး၊ အစို၊ အခြောက်၊ ဘယ်ရာသီဥတုမဆို တချို့လူတွေမှာ နှင်းခူကို ထကြွစေနိုင်စွမ်းရှိပါတယ်။
        ကျန်းမာနေတဲ့ အရေပြားဟာ နေပူလေကြမ်းဒဏ်ကိုခံနိုင်တဲ့ အိမ်သုတ်ဆေးကောင်းကောင်းလိုပဲ အကာအကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နှင်းခူရှိတဲ့အခါ ဒီအ‌ရေပြားအကာအရံက ကောင်းကောင်း အလုပ်မလုပ်တော့ဘဲ အစိုဓာတ်ကို မထိန်းနိုင်တော့တဲ့အတွက် အပူ၊ အအေး၊ အစိုဓာတ်၊ လေစတဲ့ ရာသီဥတုဓာတ်ကို ပိုခံစားလာရနိုင်ပါတော့တယ်။
        ရာသီဥတုက နှင်းခူရောဂါမှာ အကျိုးသက်ရောက်မှု ကောင်းကောင်းရှိပါတယ်။ ဥပမာအားဖြင့် လေနွေးနွေးက ပန်းဝတ်မှုန်တွေကို သယ်ဆောင်လာတာမို့ ဓာတ်မတည့်တဲ့လူတွေမှာ ယားယံပြီး နှင်းခူ ထလာနိုင်ပါတယ်။

>>    ပူနွေးပြီး အစိုဓာတ်များတဲ့ ရာသီဥတုမှာ -
        နှင်းခူရှိသူတချို့မှာ ပူပူနွေးနွေးနဲ့ အစိုဓာတ်များတဲ့ ရာသီဥတုက သက်သာသွားစေနိုင်ပေမယ့် တချို့မှာကျတော့ ပူပူစပ်စပ်ကြီးဖြစ်ပြီး ပိုယားယံစေနိုင်ပါတယ်။
        ဒီလိုရောဂါလက္ခဏာတွေကို သက်သာစေနိုင်ဖို့ -
        ချွေးသိပ်မပြန်ပါစေနဲ့။ ချွေးက အရေပြားကို ခြောက်သွေ့သွားစေနိုင်ပြီး ချွေးမှာပါတဲ့ဆားဓာတ်က ပူစပ်စပ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချွေးအများကြီး မထွက်စေဘဲ အေးအောင်နေပါ။ ပူတဲ့နေ့တွေမှာ အေးအေးဆေးဆေးနေပြီး အပြင်မထွက်ဘဲ လုပ်နိုင်တာလေးတွေပဲ လုပ်ပါ။ လိုအပ်ရင် ပန်ကာတွေ၊ လေအေးပေးစက်တွေ ဖွင့်ပါ။
        အဝတ်အစား အေးအေးပွပွလေးတွေ ဝတ်ပါ။ နိုင်လွန်၊ သိုးမွေး၊ နဲ့ အသားကြမ်းကြမ်းစူးစူးတွေကို ရှောင်ပေးပါ။ ကော်တွန်က အကောင်းဆုံးပါပဲ။
        နေရောင်ကြောင့် အသားအရေကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ နေရောင်ဟာ နှင်းခူအတွက် ကောင်းရင်ကောင်းနေနိုင်ပါတယ်။ တကယ်တမ်းဆိုရင် နှင်းခူ အရမ်းဆိုးသူတွေတချို့မှာ ခရမ်းလွန်ရောင်ခြည်ကုထုံးက အကျိုးရှိပါတယ်။ တချို့တွေမှာတော့ နေရောင်က နှင်းခူကို ပိုဆိုးစေနိုင်တာကို တွေ့ရပါတယ်။ တကယ်လို့ ဒီအုပ်စုထဲပါနေရင် အဝတ်အစား သေချာလုံလုံခြုံခြုံဝတ်၊ ဦးထုပ်အကာအရံဆောင်းဖို့ လိုပါတယ်။
        ရေမကူးခင် ကာကွယ်ပါ။ ရေကူးကန်ထဲက ကလိုရင်းဓာတ်၊ ပင်လယ်ရေထဲက ဆားရည်တွေဟာ နှင်းခူရှိတဲ့ တချို့လူတွေအတွက် ရောဂါထစေနိုင်တတ်ပါတယ်။ ဒါကြောင့် ရေမကူးခင် လိုရှင်း တစ်ခုခု လိမ်းပေးပါ။
        အပေါ်မှာပြောခဲ့တဲ့ ရောဂါကြွစေတဲ့အချက်တွေကို ဖယ်ရှားပေးပါ။ အသားကို အေးသွားအောင် ရေအေးအေးလေး အမြန်ချိုးပြီး ခန္ဓာကိုယ်ပေါ်က ချွေးတွေ၊ ကလိုရင်းတွေ၊ ဆားရည်တွေ၊ ပိုလန်ပန်းဝတ်မှုန်တွေကို ဖယ်ရှားပေးပါ။ ပြီးရင် တဘက်လေးနဲ့ ဖွဖွလေးသုတ်ပြီး လိုရှင်းလေး ချက်ချင်းလိမ်းပေးလိုက်ပါ။
        ဖြန်းဆေးတွေ၊ လိုးရှင်းတွေကို သတိထားသုံးပါ။ နေရောင်ကာ လိမ်းဆေးဖြန်းဆေးတွေ၊ ပိုးကောင်ပြေးဆေးတွေမှာ ရောဂါကိုကြွစေနိုင်မယ့် ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဇင့်သတ္တုဓာတ် ဒါမှမဟုတ် တိုင်တေနီယမ်ဒိုင်အောက်ဆိုဒ်ဓာတ်တွေနဲ့ ခရမ်းလွန်ရောင်ခြည်ကို တားဆီးတဲ့ နေရောင်ကာခရင်မ်တွေကို သုံးပေးပါ။ တစ်ကိုယ်လုံးမှာ မလိမ်းခင် လက်မောင်းအတွင်းသားမှာ အရင်စမ်းလိမ်းကြည့်ပါ။

>>    ချမ်းအေးခြောက်သွေ့တဲ့ ရာသီဥတုမှာ -
        ဆောင်းရာသီလေဟာ အသားအရေကို ခြောက်သွေ့စေပြီး နှင်းခူကို ထကြွစေနိုင်ပါတယ်။ ဘာတွေလုပ်ပေးသင့်သလဲဆိုရင် -
        ရေကို မြန်မြန်သွက်သွက်ချိုးပါ။ ဆောင်းရာသီအေးအေးမှာ ရေပူပူကြီးမဟုတ်ဘဲ ရေကြက်သီးနွေးလေးနဲ့ ခပ်မြန်မြန်လေး ချိုးပေးပါ။ ရေပူကြီးက ရောဂါလက္ခဏာတွေကို ထကြွစေနိုင်ပါတယ်။
        အစိုထိန်းခရင်မ် လိမ်းပါ။ တစ်နှစ်ပတ်လုံးလုံး ရေချိုးပြီးတိုင်း လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် ဆောင်းဥတု အေးမြတဲ့ရာသီတွေမှာပေါ့။ မျက်နှာတို့၊ လက်တို့လိုမျိုး လေအေးနဲ့ ထိတွေ့များတဲ့နေရာတွေကို အဓိကထား လိမ်းပေးရမှာပါ။
        ယားယံတဲ့ အဝတ်အစားတွေကို ရှောင်ပါ။ သိုးမွေးအနွေးထည်နွေးနွေးလေးက နှင်းခူကို ထကြွစေနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ တကယ်လို့ သိုးမွေးဝတ်မယ်ဆိုရင် အတွင်းထပ်အင်္ကျီတစ်ထည် ထပ်ဝတ်ဖို့ လိုပါတယ်။
        အိမ်တွင်းဓာတ်မတည့်စေတဲ့အရာတွေကို သတိထားပါ။ ဆောင်းရာသီမှာ အပြင်မထွက်ဘဲ အထဲမှာပဲ ကုပ်နေတတ်သူတွေမှာ တိရစ္ဆာန်အမွေးအမျှင်အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေကို ကြောက်ရပါတယ်။ ဓာတ်မတည့်တာကြောင့် နှင်းခူ ထထကြွတတ်တယ်ဆိုရင် သတိထားဖို့လိုတာပေါ့။ အိမ်မွေးတိရစ္ဆာန်တွေကို အိမ်ခန်းထဲကနေ ထုတ်ထားပါ။ ကော်ဇောတွေကို ဖယ်ပါ။ စောင်တွေ၊ အိပ်ရာခင်းတွေကို သေချာလျှော်ဖွပ်ပါ။

>>    ဆရာဝန်နဲ့ ဘယ်အချိန်မှာပြရမလဲ?
        တကယ်လို့ ရာသီဥတုနဲ့ နှင်းခူတိုက်ပွဲဝင်လို့ မနိုင်နိုင်တော့တဲ့အခါမျိုးမှာ ဆရာဝန်နဲ့ပြပါ။ ပိုပြီးအားပြင်းတဲ့လက်နက်တွေဖြစ်တဲ့ စတီးရိုက်တို့၊ စီထရင်းလို အင်တီဟစ်စတာမင်းဆေးတွေ ပေးပါလိမ့်မယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)