/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရာသီအပြောင်းအလဲမှာ-ကျန်းမာစေဖို့

ရာသီအပြောင်းအလဲမှာ ကျန်းမာစေဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဒီနေ့ နေပူ၊ နောက်နေ့ မိုးရွာ၊ မနက် လေတစ်အေးအေးတိုက်ပြီး ညဘက် မုန်တိုင်းထ စသဖြင့် ရာသီဥတုအပြောင်းအလဲဆိုရင် မဖျားသူမနာသူဆိုတာ မရှိသလောက်ပါပဲ။ ဒီတော့ ဒီလို ရာသီအကူးအပြောင်းကို နှာတရှုံ့ရှုံ့၊ ချောင်းတဟွပ်ဟွပ် မဟုတ်ဘဲ ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ကြဖို့ နည်းလမ်း (၅) သွယ်ကို ပြောပြပေးသွားပါမယ်နော်။

>>  ဒီလို ရာသီကပြောင်းကပြန်မှာ ကျန်းမာရေး ကပြောင်းကပြန်တွေ မဖြစ်ရလေအောင် -
၁။  ရေသောက်ပါ။
မနက်ခင်းမှာ ဗီတာမင်စီကြွယ်ဝတဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်လေးတွေ သောက်ပေးပါ။ ဗီတာမင်စီပမာဏကို တိုးမြှင့်ပေးခြင်းက ခုခံအားစနစ်ကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။ လည်ချောင်းပါ နာနေပြီဆိုရင်တော့ လည်ချောင်းနာခြင်းကို သက်သာစေနိုင်တဲ့ ပျားရည်လေးပါ ထည့်သောက်လိုက်ပါဦး။ ထို့အတူပဲ တစ်နေ့ကို ရေတွေ အများကြီး သောက်ပေးတာကလည်း ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အာဟာရဓာတ်တွေ စုပ်ယူမှုကို အားပေးတာကြောင့် ကိုယ်ခန္ဓာကို ကာကွယ်ပေးပါတယ်။ တစ်နေ့ကို ရေ ၂ လီတာ၊ ၃ လီတာလောက် သောက်ပေးပါ။

၂။  လေထုကို သန့်စင်ပါ။
ရာသီဥတု အကူးအပြောင်းမှာ ပန်းဝတ်မှုန်တို့၊ မှိုတို့လိုမျိုး ဓာတ်မတည့်တဲ့အရာတွေ ပြန့်လွင့်လာတတ်ပါတယ်။ ဒါပေမဲ့ အိမ်ထဲက လေထုက အပြင်ထက်ကို ၅ ဆလောက် ပိုညစ်ညမ်းတယ်ဆိုတာရော သိရဲ့လား။ အိမ်တွင်းလေသန့်စင်စက် တပ်ဆင်ထားခြင်းက အမှုန်အမှိုက်တွေကို တော်တော် သန့်စင်စေနိုင်ပါတယ်။ စက်ထုတ်လုပ်သူတွေ ညွှန်ကြားထားတဲ့အတိုင်း လေစစ်ကို လဲလဲပေးရင် အကောင်းဆုံးပါပဲ။ လေသန့်စက် မတပ်ဆင်တဲ့ အိမ်တွေမှာ ပြတင်းပေါက်ဖွင့်ကာ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်သင့်ပါတယ်။

၃။  အပြင်ဘက်မှာ လေ့ကျင့်ခန်းလုပ်ပါ။
လှုပ်လှုပ်ရှားရှားနေပြီး လေကောင်းလေသန့်လေး ရှူရှိုက်တာဟာ ကျန်းမာရေးအတွက် အလိုအပ်ဆုံးပါ။ နေ့တိုင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ရာသီဥတုရဲ့ ရောဂါဘယတွေကို ကာကွယ်ပေးနိုင်ရုံတင်မက ကိုယ်ခန္ဓာကိုလည်း လှပစေနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် ၃ဝ လောက် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုပါတယ်။ အပြင်ထွက်ဖို့ အဆင်မပြေတဲ့အခါမျိုးမှာ လေ့ကျင့်ခန်းဗီဒီယိုတွေကြည့်ပြီး အိမ်ထဲလုပ်ပေးလို့ ရပါတယ်။ ယောဂတို့၊ အိမ်တွင်းအလေးတုံးနဲ့ အလေးမတာတို့ပေါ့။

၄။  အနားယူပါ။
မနက်နိုးလာလို့ ကောင်းကောင်း အားအင်မပြည့်ဝဘဲ နုံးချိနေတယ်ဆိုရင် အိပ်ရေး ကောင်းကောင်းမဝလို့ပါပဲ။ တစ်ညကို ၇ နာရီကနေ ၈ နာရီအထိ အိပ်ချိန်ရှိသင့်ပါတယ်။ ဒါမှ ခန္ဓာကိုယ်က ပြန်လည်ပြုပြင်သင့်တာတွေ ပြုပြင်နိုင်ပြီး ခုခံအားစနစ်ကို တိုးမြှင့်ပေးကာ အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးနိုင်မှာပါ။

၅။  ရာသီဥတုနဲ့ ဝတ်ပုံစားပုံကို သတိထားပါ။
ရာသီအကူးအပြောင်း စပ်ကူးမတ်ကူးကာလမှာ လူအတော်များများ ဖျားနာတတ်ကြပါတယ်။ အပြင်မှာ ရာသီဥတုပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်က ချက်ချင်းကြီး လိုက်တုန့်ပြန်မပြောင်းလဲနိုင်ဘဲ ခုခံအားစနစ်ကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ရာသီဥတု အကူးအပြောင်းမှာ အဝတ်အစားကို ဂရုပြုဝတ်သင့်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)