/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မပေါ့ဆသင့်သော-စိတ်ဓာတ်ကျခြင်းရဲ့-အချက်ပြလက္ခဏာများ

မပေါ့ဆသင့်သော စိတ်ဓာတ်ကျခြင်းရဲ့ အချက်ပြလက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

စိတ်ကျခြင်းကို လူတိုင်းနီးပါး တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ဖူးကြပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်မာကျောသူတွေ အနေနှင့်ကတော့ မိမိဘာသာ ပြန်လည်ကုစားနိုင်ပေမယ့် အချို့သူများအနေနှင့်တော့ ကျော်လွှားနိုင်ခြင်းမရှိဘဲ မိမိကိုယ်ကို သတ်သေတဲ့အထိ ဆိုးရွားနိုင်ပါတယ်။

>>  ဒီဆောင်းပါးလေးမှာတော့ စိတ်ကျခြင်းရဲ့ ကနဦးလက္ခဏာတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
(၁)  ပျော်ရွှင်မှုကို ခံစားမရခြင်း
စိတ်ကျခြင်းဆိုတာ ဝမ်းနည်းခြင်းနှင့်ပဲ ကြုံတွေ့နေရုံမကသေးပဲ ပျော်ရွှင်ခြင်းများကိုပါ ခံစားလို့မရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သင် အရင်က ပျော်ရွှင်တဲ့ကိစ္စတွေ၊ သင့်ကို စိတ်ဝင်စားစေတဲ့အရာတွေကို ဆက်လက်ခံစားလို့ မရပါက သို့မဟုတ် သင့်သူငယ်ချင်းတွေနှင့် စကားလက်ဆုံပြောဆိုခြင်းက သင့်ကို စိတ်ပင်ပန်းစေတယ်ဆိုပါက သင် စိတ်ကျနေပါပြီ။

(၂)  ကိုယ့်ကိုယ်ကို အသုံးမကျဟု နေ့စဉ်ရက်ဆက် ထင်မြင်နေခြင်း
မိမိကိုယ်ကို သို့မဟုတ် သူတပါးအား အမြဲလိုလို အဆိုးမြင်နေခြင်းက သင့်စိတ်ကို ကျန်းမာစေမှာ မဟုတ်ပါဘူး။ သင့်အနေနှင့် မိမိကိုယ်ကို အသုံးမကျဘူးဆိုပြီး လွယ်လွယ်လက်ခံလိုက်ပါက စိတ်ကျခြင်း ပိုမိုကြီးထွားလာနိုင်ပြီး ပြန်အဖတ်ဆယ်မရသည်အထိ ဖြစ်သွားနိုင်ပါတယ်။

(၃)  အားအင်ကုန်ခမ်းနေခြင်း
သင့်အနေနှင့် အိပ်ရာကထဖို့ မနည်းကြိုးစားနေရခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ဖို့ စိတ်မပါခြင်း၊ အားအင်နည်းပါးနေခြင်းတို့ကို ခံစားနေရပြီဆိုပါက စိတ်ကျခြင်းအခြေအနေ တော်တော်ဆိုးနေပြီ ဖြစ်ပါတယ်။

(၄)  စိတ်တိုလွယ်ခြင်း သို့မဟုတ် အလွန်ဒေါသကြီးခြင်း
နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ အသေးအဖွဲကိစ္စလေးများ ဥပမာ - ကားပိတ်တာ၊ တစ်ယောက်ယောက်နှင့် ဝင်တိုက်မိတာတွေက သင့်အတွက် ကမ္ဘာပျက်သလိုဖြစ်ခြင်း၊ သင့်မိသားစုဝင်များနှင့် ချစ်ခင်သူများကို အော်ဟစ်ရိုက်နှက်မိခြင်းစတဲ့ ကြမ်းတမ်းမှုတွေကို ခံစားနေရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၅)  ကိုယ့်ကိုယ်ကို အပြစ်ရှိသည်ဟု တွေးခြင်းနှင့် သင် မပြောင်းလဲနိုင်သောအရာများအတွက် စိုးရိမ်ပူပန်နေခြင်း
ကျွန်မတို့အားလုံးအမှားတွေ ပြုလုပ်တတ်ကြပါတယ်။ ဒီအတွက် စိတ်ညစ်နေမယ့်အစား သင်ခန်းစာယူပြီး နောက်ထပ် ထပ်မမှားဖို့သာ ကြိုးစားရမှာဖြစ်ပါတယ်။ ကိုယ်ပြုလုပ်ခဲ့မိတဲ့အမှားတွေဟာ ပြန်တွေးတိုင်း စိတ်ညစ်ညူးစေမှာပဲဖြစ်လို့ ဒီကိစ္စတွေကို ထပ်တလဲလဲတွေးနေခြင်းဟာ သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။

(၆)  စိတ်ညစ်တာကို ပြေပျောက်စေမယ့် နည်းလမ်းများကို လိုတာထက် ပိုအသုံးပြုခြင်း
ကျွန်မတို့ စိတ်ညစ်တဲ့အခါ သီချင်းဆိုခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပန်းခြံစိုက်ခြင်း၊ စာဖတ်ခြင်း စတဲ့ စိတ်ကြည်နူးစေမယ့် အရာတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ သင့်စိတ် ပျော်ရွှင်မှုဟာ ဒီအရာတွေပေါ်သာ မှီခိုလွန်းနေပြီး ထပ်ခါတလဲလဲ ပြုလုပ်ချင်နေပါက စိတ်ကျခြင်းရှိနေပြီဆိုတာ သတိပြုသင့်ပါတယ်။ အထူးသဖြင့် အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း၊ ဂိမ်းကစားခြင်း စတဲ့ နည်းလမ်းတွေကို အလွန်အကျွံ ပြုလုပ်နေပါက စိုးရိမ်ဖွယ်ဖြစ်ပါတယ်။

(၇)  အရာရာတိုင်းမှာ ပြီးပြည့်စုံအောင် ကြိုးစားခြင်း
အရာရာတိုင်းမှာ perfect ဖြစ်လိုသူများအနေနှင့် ကျောင်းမှာဖြစ်စေ၊ အလုပ်မှာဖြစ်စေ အစွမ်းကုန် ကြိုးစားကြသလို ဘဝလက်တွဲဖော်ကိုလည်း အမြင့်မားဆုံးကိုသာ ပိုင်ဆိုင်လိုကြပြီး သားသမီးများ ရလာတဲ့အခါမှာလည်း သူတပါးထက် ထူးချွန်စေချင်ကြပါတယ်။ ဒီလိုမဟုတ်ပဲ တစ်ခုခုမှာ ဆုံးရှုံးရပါက မိမိကိုယ်ကို အသုံးမကျဘူးဆိုပြီး အလွန်ပူဆွေး သောကရောက်နေခြင်းဟာ စိတ်ကျရောဂါရဲ့ လက္ခဏာတစ်ခုပါပဲ။

(၈)  ငြိမ်ငြိမ်နေလို့မရခြင်း
စိတ်ကျခြင်းဟာ ငြိမ်သက်ခြင်းရဲ့ လက္ခဏာတစ်ခုလို့ ထင်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ စိတ်ကျနေသူများဟာ သူတို့ အလွန်အမင်းမောပန်းပြီး အနားယူချင်စိတ် မဖြစ်မချင်း တစ်ခုခုကို လုပ်နေရမှ ကျေနပ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။ တကယ်လို့ သင်ဟာ ငြိမ်သက်နေတဲ့အခြေအနေမျိုးကို မကြိုက်ဘဲ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပြုလုပ်လိုသူဆိုပါက မိမိကိုယ်ကို  ပြန်ဆန်းစစ်ပါ။ သင့်အနေနှင့် စိတ်ညစ်စရာအတွေးတွေကို မတွေးမိအောင် ရှောင်ရှားနေတာဖြစ်ပါက သင့်အနေနှင့် ရှောင်ပြေးမယ့်အစား ထိုစိတ်ညစ်စရာများကို ရင်ဆိုင်ကျော်လွှားဖို့ နည်းလမ်းရှာသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)