/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပြင်းထန်သော-ဒူးနာဝေဒနာဖြစ်စေသော-အကြောင်းရင်းများ

ပြင်းထန်သော ဒူးနာဝေဒနာဖြစ်စေသော အကြောင်းရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဒူးနာဝေဒနာကို လူကြီးလူငယ်မရွေး ခံစားရလေ့ရှိပြီး အဆစ်အမြစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်စေ ဒူးနာဝေဒနာကို ခံစားရပါက လျစ်လျူမရှုသင့်ပါဘူး။ ပြင်းထန်တဲ့ ဒူးနာဝေဒနာဟာ နေ့စဉ်လှုပ်ရှားမှုတွေကို ထိခိုက်နိုင်တာကြောင့် ဒူးနာဝေဒနာကို ခံစားရသူတိုင်း ဆရာဝန်နှင့် သေချာစစ်ဆေးပြီး ဒူးနာရတဲ့အကြောင်းရင်းကို ရှာဖွေကုသသင့်ပါတယ်။

ဒူးဟာ ပေါင်နှင့် ခြေသလုံးကြားမှာရှိတဲ့ အဆစ်ဖြစ်တဲ့အတွက် ခြေထောက်ကွေးညွတ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်း၊ လှည့်ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ရာတွင် အထောက်အပံ့ပေးခြင်း၊ ခန္ဓာကိုယ်တည့်မတ်အောင် ထိန်းကျောင်းပေးခြင်း စတာတွေကို လုပ်ဆောင်ပေးပါတယ်။ ဒူးကို သူ့အလုပ်သူလုပ်နိုင်အောင် အရိုးနှင့် အရိုးနု၊ ကြွက်သား၊ အရွတ်၊ အကြော စတဲ့ အစိတ်အပိုင်းတွေ ကူညီဆောင်ရွက်ပေးပါတယ်။ ၎င်းအစိတ်အပိုင်းတွေမှာ ဒဏ်ရာရပါက ဒူးနာဝေဒနာကို ခံစားရနိုင်ပါတယ်။

ဒူးနာဝေဒနာဖြစ်စေတဲ့ အကြောင်းရင်းတွေကို အဓိကအားဖြင့် ထိခိုက်ဒဏ်ရာ၊ ရောဂါပိုးကူးစက်ခံရခြင်း၊ ဇီဝကမ္မဖြစ်ပျက်မှုဆိုင်ရာပြဿနာ၊ တွယ်ဆက်တစ်သျှူးဆိုင်ရာ ပြဿနာတွေဆိုပြီး ခွဲခြားနိုင်ပါတယ်။

(၁) ဒူးအရွတ် ထိခိုက်ဒဏ်ရာရခြင်း
ဒူးဟာ အထိခိုက်ခံရဆုံး အဆစ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အားကစားသမားတိုင်း တစ်ခါမဟုတ်တစ်ခါ နာကျင်ခြင်းကို ခံစားရလေ့ ရှိပါတယ်။ ထိုသို့ နာကျင်ရခြင်းမှာ ဒူးရှိအရွတ်များ စုတ်ပြဲ၍ဖြစ်စေ၊ ပြတ်၍ဖြစ်စေ ဆွဲဆန့်လွန်းသဖြင့် ဒဏ်ပိ၍ဖြစ်စေ၊ နာကျင်မှု ဖြစ်နိုင်ပါတယ်။ အရွတ်ပြတ်ခြင်း (သို့) အရွတ်နာကျင်ခြင်းမှာ ချက်ချင်းဖြစ်နိုင်သလို တဖြည်းဖြည်းချင်းလည်း ဖြစ်နိုင်ပါတယ်။

ဒူးဆစ်ရှေ့ရှိ ဂုံညှင်းရိုးတွယ်အရွတ် (Patellar ligament) ဟာ ခြေထောက်ကို အင်တိုက်အားတိုက် အသုံးပြုရာမှဖြစ်စေ၊ ခြေထောက်ဖြင့် အကန်ခံရ၍ဖြစ်စေ၊ တက်နင်းခံရ၍ဖြစ်စေ အရွတ်ပြတ်တတ်ပါတယ်။ အရွတ်ပြတ်လျှင် နာကျင်မှုကို အလွန်အမင်းခံရပြီး ပုံလဲကျနိုင်ပါတယ်။ အရွတ်ပြတ်ကြောင်း သိရပါက ချက်ချင်းအနားယူပြီး ဆရာဝန်နှင့် သေချာစွာ ပြသပါ။

(၂) ဒူးအရွတ်ဖုံး အရည်အိတ်ရောင်ခြင်း (Knee Bursitis)
ဒူးအတွင်းထဲမှာရှိတဲ့ အရည်အိတ်က အရွတ်ကို အရိုးနှင့် မထိခိုက်စေရန် ကူရှင်သဘောမျိုး ကာထားပေးတာ ဖြစ်ပါတယ်။ ဒူးအရှေ့ပိုင်း ထိခိုက်ခံရ၍ဖြစ်စေ၊ ဒူးအရွတ် ရောင်ရမ်း၍ဖြစ်စေ ဒူးထောက်တဲ့အကြိမ်ရေ များ၍ဖြစ်စေ အရွတ်ဖုံး အရည်အိတ်ဒဏ်ရာရပြီး ဒူးဆစ်ရောင်ရမ်းခြင်း၊ ပူခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။

အရွတ်ဖုံးအရည်အိတ်ရောင်ရမ်းပါက အနားယူပါ။ ရေခဲတင်ခြင်း၊ ပတ်တီးစည်းခြင်း၊ ဒူးကို နှလုံးအထက်ရောက်အောင် မြင့်တင်ခြင်းတို့ကို ပြုလုပ်ပေးပါ။ အရောင်ကျစေသော ဆေးဝါးများ (NSAID) အသုံးပြုနိုင်ပါတယ်။ ပြင်းထန်ပါက စတီးရွိုက် ထိုးဆေးထိုးဖို့ လိုအပ်ပါတယ်။

(၃) သွေးလေးဘက်နာ (Rheumatoid Arthritis) ကဲ့သို့သော တွယ်ဆက်တစ်သျှူးဆိုင်ရာ ရောဂါများရှိခြင်း
Rheumatoid Arthritis ကဲ့သို့သော လေးဘက်နာဆန်တဲ့ အဆစ်ရောင်ရောဂါဟာ အဆစ်များရဲ့အမြှေးပါးတွေကို ထိခိုက်စေတာကြောင့် ဒူးဆစ်များ နာကျင်ရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ ရောဂါဖြစ်ရသော အကြောင်းရင်းများ တိတိကျကျ မရှိဘဲ Autoimmune မိမိဆဲလ်ကို မိမိဘာသာ ပြန်လည်တိုက်ခိုက်ခြင်းကြောင့်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ လက်ချောင်းများ၊ လက်ကောက်ဝတ်များရှိ သေးငယ်တဲ့ အရိုးများမှာ စဖြစ်လေ့ရှိပြီး မကုသဘဲထားပါက အဆစ်အမြစ်များ ပုံပျက်ချွတ်ယွင်းသည်အထိ ဖြစ်နိုင်ပါတယ်။

(၄) ဂေါက်ရောဂါ
သွေးထဲတွင် ယူရစ်အက်ဆစ် (Uric Acid) ဓာတ် များပြားလာခြင်းကြောင့် ရိုးဆစ်များ နာကျင်ရောင်ရမ်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ မကြာခဏပင် နာကျင်မှုကို ပြင်းထန်စွာ ခံစားရလေ့ရှိပြီး အကွေးအဆန့်ကို လိုအပ်သလို လှုပ်ရှားလို့ မရတာတွေ ဖြစ်လာနိုင်ပါတယ်။ နာကျင်မှုသက်သာစေရန် အကိုက်အခဲပျောက်ဆေးဝါးများ မှီဝဲနိုင်ပြီး သွေးတွင်းရှိ ယူရစ်အက်ဆစ်ကို လျော့နည်းစေတဲ့ ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်ပါတယ်။

(၅) ရောဂါပိုးကူးစက်ခံရခြင်း
သာမန်ပွန်းပဲ့နာတစ်ခုကို မကုသဘဲထားပါက အရေပြားအောက်မှာ ဘက်တီးရီးယားရောဂါပိုး ကူးစက်ခံရပြီး အလွန်အမင်း နာကျင်ခြင်း၊ နီမြန်းရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခြင်းဟာ ဒူးမှတစ်ဆင့် ပြန်ရည်နှင့်သွေးစီးကြောင်း အပါအဝင် အခြားသောနေရာများသို့ ပျံ့နှံ့သွားနိုင်တာကြောင့် ထိရောက်တဲ့ ကုသမှုမခံယူပါက အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့အပြင် Septic Arthritis ကဲ့သို့သော ဒူးဆစ်များတွင် ရောဂါပိုးဝင်ရောက်ခြင်းကို ထိရောက်စွာ မကုသပါက ဒူးရှိ အရိုးနုများကို ထာဝရ ပျက်စီးစေနိုင်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)