/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဒူးနာနေရင်-ဒါတွေကို-လုပ်ကြည့်ပါ-0

ဒူးနာနေရင် ဒါတွေကို လုပ်ကြည့်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       လောလောလတ်လတ် ထိခိုက်မိလို့ ဒူးနာတာပဲဖြစ်ဖြစ်၊ အဆစ်အမြစ်ရောင်လို့ နာတာရှည် ဒူးနာနေရင်ပဲဖြစ်ဖြစ် ဒူးနာသက်သာစေဖို့ ဒါတွေလုပ်ကြည့်ပါ။
1.    လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးကျန်းမာစေတဲ့လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်ထိန်းလေ့ကျင့်ခန်းနဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေက ဒူးခေါင်းကြွက်သားတွေကို သန်မာစေပြီး ကွေးဆန့်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ တိုက်ချိကစားခြင်းက တောင့်တင်းမှုတွေကို သက်သာစေပြီး ဟန်ချက်ညီစေပါတယ်။
2.    အနားယူခြင်း၊ ရေခဲဝတ်ကပ်ပေးခြင်း၊ ခြေထောက်မြှင့်ထားခြင်းတွေက ဒူးနာသက်သာစေပါတယ်။ ဒါကြောင့် ဒူးခေါင်းကို ငြိမ်ငြိမ်ထားပြီး အရောင်သက်သာစေဖို့အတွက် ရေခဲဝတ်ကပ်ပေးခြင်း၊ ကျုံ့ဆန့်နိုင်စွမ်းရှိတဲ့ ပတ်တီးစည်းပေးထားခြင်း၊ နဲ့ ဒူးခေါင်းကို မြှောက်ထားခြင်းတွေလုပ်ပေးပါ။
3.    အပ်စိုက် ကုသနိုင်ပါတယ်။ တရုတ်ရိုးရာအပ်စိုက်ကုသခြင်းက နာကျင်မှု တော်တော်များများကို သက်သာစေပြီး ဒူးနာတာကိုလည်း သက်သာစေနိုင်ပါတယ်။
4.    အပူအအေးလိုသလို အသုံးချပါ။ ဒူးခေါင်းထိခိုက်ဒဏ်ရာရပြီး ပထမ ၄၈-၇၂ နာရီအတွင်းမှာဆိုရင် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းသက်သာစေဖို့ ရေခဲဝတ်ကပ်ပေးပါ။ တစ်ခါကပ်ရင် ၁၅-၂၀ မိနစ်ခန့် တစ်နေ့ကို ၃-၄ ကြိမ် ကပ်ပေးပါ။ အရေပြားကို မထိခိုက်စေဖို့ ရေခဲဘူးကို ပဝါနဲ့ပတ်ပြီးမှ ကပ်ပေးပါ။ နောက်ပိုင်းမှာတော့ ရေနွေးအိတ်ကပ်ပေးပါ။ တစ်နေ့ကို ၃-၄ ကြိမ် တစ်ခါကပ်ရင် ၁၅-၂၀ မိနစ်ခန့် ကပ်ပေးပါ။
5.    ဆရာဝန်ရဲ့ အကြံဉာဏ်ရယူပါ။ အခုမှ ဒူးနာတာဆိုရင် ဘာကြောင့်နာတယ်ဆိုတာသိဖို့ ဆရာဝန်ပြပြီး ကုသမှုခံယူပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)