/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/တစ်နေ့ကို-မိနစ်-၂၀-အချိန်ပေးရုံဖြင့်-ကျန်းမာသောဘဝကို

တစ်နေ့ကို မိနစ် (၂၀) အချိန်ပေးရုံဖြင့် ကျန်းမာသောဘဝကို ပိုင်ဆိုင်နည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ထုတ်ပြန်ကြေညာချက်အရ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် ရောဂါဖြစ်ပွားရတဲ့နှုန်းဟာ မြင့်တက်နေပါတယ်။ ဒါဟာ အစားအသောက် အားနည်းခြင်း၊ နာတာရှည်ရောဂါ ခံစားနေရခြင်းနဲ့ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းတို့နဲ့လည်း သက်ဆိုင်နေပါတယ်။ အထူးသဖြင့် ကလေးတွေမှာ အများဆုံးဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီခေတ်ပုံစံအရ ကလေးတွေဟာ အပြင်မှာ ပြေးလွှားဆော့ကစားရတာထက် အိမ်ထဲမှာ တီဗီ၊ ကွန်ပျူတာဂိမ်းများ ဆော့ကစားရတာကို ပိုနှစ်သက်နေကြလို့ပါပဲ။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းဟာ ဆဲလ်တွေရဲ့ အသက်ရှင်မှုနှုန်းကို ကျဆင်းစေပြီး ဟော်မုန်းထုတ်လုပ်မှုကို မမျှတစေခြင်းကြောင့် အိုမင်းရင့်ရော်မှုကိုလည်း အားပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် အဖြစ်များတဲ့ အခြားရောဂါတွေကတော့

(၁) သွေးတိုးရောဂါနဲ့ စားသောက်နေထိုင်မှုကြောင့်ဖြစ်ရတဲ့ ဆီးချိုရောဂါ
ကိုယ်လက်လှုပ်ရှားမှုဟာ ဆီးချိုရောဂါဖြစ်ပွားမှုကို ၅၈% လျှော့ချပေးပြီး သွေးတွင်းအဆီဓာတ်ကို လျော့နည်းစေကာ သွေးတိုးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

(၂) စိတ်ကျရောဂါ
ကိုယ်ကျန်းမာမှု မရှိခြင်းဟာ စိတ်ကျန်းမာမှု မရှိခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် ကိုယ်ကျန်းမာအောင် ဆီးချို၊ သွေးတိုးရောဂါများကို မှန်မှန်စစ်ဆေးပြီး ကာကွယ်ဖို့ လိုအပ်ပါတယ်။

(၃) အဝလွန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း
စားလိုက်တဲ့ အစားအစာကနေရတဲ့ စွမ်းအင်ထက် ပြန်သုံးတဲ့ စွမ်းအင်ပမာဏက နည်းနေတဲ့အခါမျိုးမှာ အဝလွန်ခြင်း ဖြစ်ပေါ်လာပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက စွမ်းအင်ပြန်လည်သုံးစွဲမှုကို မြင့်မားစေခြင်းဖြင့် အဆီတွေကို လျော့နည်းစေပြီး နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနဲ့ လေဖြတ်ရောဂါတို့ကို ကာကွယ်ပေးပါတယ်။

(၄) ရင်သားကင်ဆာ
အမျိုးသမီးတွေအတွက် အဖြစ်အများဆုံး ကင်ဆာရောဂါပါ။ အမျိုးသမီးတွေအတွက် အရေးကြီးဆုံး ဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင် (estrogen) ကြောင့်ပဲ ဖြစ်ရတာပါ။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် အဝလွန်ခြင်းကြောင့် ဟော်မုန်းမမျှတတော့ခြင်းတွေနဲ့ ဆက်စပ်နေပါတယ်။

(၅) ကျောက်ကပ်ရောဂါ
ဆီးချို၊ သွေးတိုးတို့ကြောင့် ကျောက်ကပ်ပါ ထိခိုက်လာနိုင်ပါတယ်။

(၆) ညအိပ်မပျော်ခြင်း
သင့်တင့်မျှတသော ကိုယ်လက်လှုပ်ရှားမှုဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

(၇) အရိုးပွခြင်း
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေဟာ ကြွက်သားများကို သန်မာစေတာကြောင့် ကြွက်သားတွေနဲ့ တွယ်ဆိုင်းထားတဲ့ အရိုးအဆစ်တွေကိုပါ တောင့်တင်းကျန်းမာစေပါတယ်။

နေ့စဉ် မိနစ် ၂၀ ခန့်မျှ လေ့ကျင့်လှုပ်ရှားလိုက်ခြင်းဟာ ဒီလို ကြောက်စရာကောင်းလှတဲ့ ရောဂါတွေကို ကာကွယ်နိုင်တယ်ဆိုတာ အံ့ဩစရာဖြစ်နေပေမယ့် အမှန်ပါပဲ။ ဒါကြောင့် မိနစ် ၂၀ လေးရင်းပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးကို ဝယ်ယူလိုက်ကြရအောင်ပါ။

ဒေါက်တာ နေလွင်ထူး (www.drmyanmar.com)