/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ခြေထောက်ရောင်တာ-ဘာကြောင့်လဲ

ခြေထောက်ရောင်တာ ဘာကြောင့်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

     ခြေထောက်ကလေးတွေက ဖြူဖြူဖွေးဖွေး သန့်ပြန့်နေရင် ဘယ်ဖိနပ်စီးစီး လှနေမှာနော်။ ခြေထောက်လေးက ပြည့်နေရင် ဒေါက်ဖိနပ်နဲ့ လိုက်ဖက်တာပါပဲ။ ဒါပေမဲ့ လိုတာထက်ပိုပြီး ပြည့်ဖောင်းလာရင်တော့ ရောင်တယ် ခေါ်ကြတယ်။ ရောင်တဲ့အကြောင်းအရင်းကတော့ အမျိူးမျိုးပဲ။
    အကြာကြီး မတ်တတ်ရပ်ပြီးရင် ညနေခင်းတွေမှာ ခြေထောက်လေးတွေ ရောင်နေတတ်ပါတယ်။ သွေးကြောတွေကြောင့်ဖြစ်တာမို့ ခြေထောက်လေးအောက် တစ်ခုခု ခံအိပ်လိုက်ရင် မနက်ကျ ကျသွားတတ်ပါတယ်။
    ကိုယ်ဝန်ဆောင်မမတွေကျတော့ သဘာဝအတိုင်း ရောင်တတ်တယ်။ ရေနဲ့ဆားဓာတ် လိုအပ်တာထက် ပိုများလာတတ်တော့ ရောင်လာတတ်တာ မဆန်းဘူး။ ဒါပေမဲ့ ခြေထောက်ရောင်တယ်ထင်ရင် သွေးပေါင်လေးတော့ ပြေးချိန်လိုက်ပါဦး။ သွေးတိုးနဲ့ ရောင်တာနဲ့တွဲရင် ကိုယ်ဝန်ဆိပ်တက်မှာ ကြောက်ရတယ်လေ။ ဆရာဝန်က ဆီးလေးပါ စစ်ပေးလိမ့်မယ်။ သွေးပေါင်လည်း ပုံမှန်၊ ဆီးလည်း အနည်မပါဘူးဆိုရင် စိတ်အေးရပြီပေါ့။
    ခြေထောက်ရောင်တတ်ရင် နှလုံးရောဂါနဲ့ တွဲတတ်ပါတယ်။ အသက်ကြီးမယ်။ သွေးလည်း တိုးတတ်၊ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါလည်း ရှိရင်တော့ နှလုံးညှစ်အားနည်းတဲ့ရောဂါ ဖြစ်နေတတ်ပါတယ်။ ကနဦးလက္ခဏာအနေနဲ့ မောမယ်၊ ခြေထောက်လေးတွေ ရောင်လာတတ်တယ်၊ ပက်လက်လန်အိပ်ရင် မောပြီး ဟိုက်ပြီး နိုးလာမယ်။ ဆရာဝန် ချက်ချင်းပြပါနော်။ နောက်ကျရင် တောက်လျှောက် နှလုံးစွမ်းဆောင်ရည် ကျဆင်းသွားတတ်ပါတယ်။
    နောက်တစ်ခုက ကျောက်ကပ်ရောဂါ။ သွေးတိုးနဲ့လည်း ဆိုင်သလို ကျောက်ကပ်မကောင်းဘူးဆိုလည်း ဟုတ်တယ်။ ရေတွေ၊ ဆားတွေ ကိုယ်ထဲမှာ ပုံလာ၊ ထိထိရောက်ရောက် မစွန့်ပစ်နိုင်တော့ ခြေထောက်ရောင်လာပါတယ်။ မျက်နှာလေးတွေကစ အမ်းလာတတ်တယ်။ လိုအပ်သလို ဆွေးနွေးပါ။ သွေးစစ်ပါ၊ အရေးကြီးတယ်နော်။
    အသည်းရောဂါသမားတွေ။ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ။ ဒါတွေမှာ ဝမ်းဗိုက်က စဖောင်းလာလေ့ရှိတယ်။ ပြီးတော့ ခြေထောက်နဲ့မျက်နှာပေါ့။ အသည်းဆဲလ်တွေက အလုပ်မလုပ်နိုင်တော့လို့ ရေတွေ များလာပြီး ရောင်ကိုင်းလာကာ ယိုယွင်းပျက်စီးလာတယ်ပြောရမယ်။
    နောက်ပြီး တခြားကိုယ်တွင်းရောဂါတွေ မတွေးခင် ခြေထောက်က သွေးကြောအဆို့ရှင်လေးတွေက ပေးတဲ့ဒုက္ခ ရှိသေးတယ်။ သူတို့တွေ ကောင်းကောင်းအလုပ်မလုပ်တော့ သွေးကြောတွေ ဖောင်းလာပြီး စီးဆင်းမှု မကောင်းတော့ဘူး။ နာတာရှည် သွေးပြန်ကြောအဆို့ မလုံတဲ့ရောဂါကြောင့် ခြေထောက်ရောင်လာတာ ဖြစ်ပါတယ်။
    ခွဲစိတ်မှူလုပ်တဲ့အခါ ပြန်ရည်ကျိတ်လေးတွေ ပါသွားတတ်တယ်။ ဒီမှာတင် သက်ဆိုင်ရာနေရာလေးတွေ ဖောင်းလာတယ်။ ပြန်ရည်ကျိတ်ပိတ်လို့ ရောင်တာခေါ်တယ်။ ကင်ဆာကုသမှု၊ ခွဲစိတ်မှုတွေမှာ အများဆုံးဖြစ်တယ်။ ခြေထောက်ကို အသာအယာ နှိပ်နယ်ပေးတာ၊ လေ့ကျင့်ခန်း၊ ခြေထောက်ကို လေဖိအားနဲ့ ကုသတာတွေ လုပ်လို့ရတယ်။ အထူးပြုလုပ်ထားတဲ့ ခြေစွပ်တွေ စွပ်လို့ရတယ်။
    ဘာနဲ့မှမဆိုင်ဘဲ ကိုယ့်ဘာသာဖြစ်တာကျ ထိခိုက်တာ၊ အရိုးအကြောခိုက်မိတာ၊ အရိုးကျိုးရင် အရွတ်စုတ်ပြဲရင် ရောင်လာတယ်။ နာတာရော၊ ရောင်တာရော၊ မလှုပ်နိုင်တာရော၊ ခိုက်မိထာရော တွဲရင် စိတ်ပူရတယ်။ အရိုးများ ကျိုးနေမလားပေါ့။ ဆရာဝန်ပြပြီး ဓာတ်မှန်ရိုက်ရပါမယ်။
    အိပ်ရာထဲ ရေရှည်နေတဲ့ လူမမာတွေ၊ အရိုးကျိုးလို့ မလှုပ်မရှားသူတွေ ခြေထောက်ရောင်တာရော၊ ခြေသလုံး နာတာရော၊ အထိမခံတာ တစ်ဖက်တည်းဖြစ်ရင် ခြေသလုံး သွေးခဲတာကို စဉ်းစားရမယ်။ သိပ်အရေးကြီးတယ်။ ခြေထောက်က သွေးခဲ အဆုတ်ကို သွားပိတ်တတ်တယ်။ တစ်ဖက်တည်း ရောင်ရင်၊ နာရင် ပြသစစ်ဆေးပါ။
    အခုနောက်ပိုင်း မြန်မာပြည်မှာ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးတွေ တိုက်တယ်။ ဆင်ခြေထောက်ဆိုတဲ့အတိုင်း ပြန်ရည်ကျိတ်တွေ ရောင်တယ်၊ ပိတ်တာတွေဖြစ်ပြီး ခြေထောက်ကြီး ရောင်ကိုင်းလာတယ်။ မနာဘူး။ သူ့အလိုလို ရောင်ပြီး ကြီးလာတာ။ ဆေးသောက်ရမယ်။ ဆရာဝန်ပြရမယ်။ ကုလို့ရပါတယ်။ ဆင်ခြေထောက် ကာကွယ်ဆေးတွေ အတော်များများသောက်ပြီးကြပြီလို့ ယူဆတယ်။
    ဒီတော့ တစ်ခုခုကြောင့် ရောင်ပြီ။ ဘာလုပ်ကြမလဲ။ ရေခဲကပ်လို့ရတယ်။ ကောင်းကောင်းနားရမယ်။ ခြေထောက်မြှင့်ထားရမယ်။ ဒါပေမဲ့ ခြေထောက်ရောင်တာက အကျိုးအကြောင်းသိဖို့ လိုတယ်။ ဘာမှန်းမသိဘဲ ဆေးရမ်းသောက်လို့ မရပါဘူး။ အကောင်းဆုံးက ခြေထောက်ရောင်လာရင် ဆရာဝန်ကို ချက်ချင်းပြသ ဆွေးနွေးပါ။
    ဖော်ပြခဲ့တာလေးတွေ ဗဟုသုတရှိထားတော့ ဆရာဝန် ရှင်းပြထားတာနဲ့ ဆက်စပ်ပြီး ပိုနားလည်သွားမှာပါ။ ကိုယ်စားတဲ့အစာထဲမှာ မဂ္ဂနီဆီယမ်ပါတဲ့အစာ (ငှက်ပျောသီး၊ ကွေကာအုပ်၊ ပန်းဂေါ်ဖီစိမ်း၊ အယ်လမွန်စေ့၊ မုန်လာဥနီ) တွေ ပိုစားရင် ရေဓာတ်စွန့်ပစ်တာ ပိုကောင်းတယ်။ ခြေထောက်ရောင် သက်သာတယ် ဆိုကြပါတယ်။
    ခြေထောက်လေး ရောင်တယ်၊ ဖိကြည့်လို့ ဖိရာလေး ထင်မယ်၊ အနာဖြစ်မယ်၊ အရည်ပေါက်ထွက်မယ်၊ နီမယ်၊ ပူမယ်၊ နာမယ်၊ ဒါဆို ကျွမ်းကျင်သူဆရာဝန်ကိုပြပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)