/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ကြွက်တက်ခြင်း-ကင်းဝေးစေရေး-အိမ်တွင်းကုထုံးနှင့်-ကုသပေး

ကြွက်တက်ခြင်း ကင်းဝေးစေရေး အိမ်တွင်းကုထုံးနှင့် ကုသပေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကြွက်တက်ခြင်းဆိုတာ ပြင်းထန်တဲ့ ရောဂါတစ်ခု မဟုတ်ပေမယ့် ခံစားရခက်သော နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ကြွက်တက်ခြင်းကို ခြေသလုံးကြွက်သား၊ ပေါင်အရှေ့ဘက်ပိုင်း (သို့) အနောက်ဘက်ပိုင်းတို့တွင် ခံစားရလေ့ရှိပြီး အထူးသဖြင့် ခြေသလုံးမှာ ကြွက်တက်ခြင်းအများဆုံး ဖြစ်တတ်ပါတယ်။
» ဘာကြောင့် ကြွက်တက်တာလဲ ?
(၁) သွေးတွင်းပိုတက်ဆီယမ် (သို့) ကယ်လ်ဆီယမ် (သို့) အခြားသတ္တုဓာတ်များ ချို့တဲ့ခြင်း
(၂) ကြွက်သားများကို အလွန်အမင်း အသုံးပြုထားခြင်း (ဥပမာ ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ခြင်း) ၊ ကြွက်သားတွင် ဒဏ်ရာရထားခြင်း
(၃) ရာသီဥတု အေးလွန်းခြင်း၊ အေးခဲနေသောရေအတွင်း စိမ်ခြင်း
(၄) သွေးကြောဆိုင်ရာရောဂါ ၊ ကျောက်ကပ်ရောဂါ ၊ သိုင်းရွိုက်ရောဂါ ရှိခြင်း
(၅) အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း (သို့) ထိုင်ခြင်း
(၆) ရေဓာတ်ဆုံးရှုံးခြင်း (ဥပမာ ဝမ်းလျှောပြီး ရေဓာတ်ဆုံးရှုံးမှု များခြင်း)
(၇) ဆီးဆေး၊ သွေးတွင်းအဆီကျဆေး၊ စတီးရွိုက်ပါဝင်သော ဆေးဝါးများ၊ သန္ဓေတားဆေးများ၊ စိတ်ရောဂါကုဆေးများ မှီဝဲခြင်း

» ကြွက်တက်ခြင်းအတွက် အိမ်တွင်းကုထုံး
(၁) ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာ စားပါ
ကြွက်သားအကျုံ့အဆန့်အတွက် ပိုတက်ဆီယမ်ဓာတ်က အရေးအကြီးဆုံး ဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ပိုတက်ဆီယမ်ဓာတ် လျော့နည်းပါက ကြွက်တက်ခြင်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ဒိန်ချဉ် စတာတွေကို နေ့စဉ် စားသုံးပါ။

(၂) ပန်းသီးဗီနီဂါ (Apple Cider Vinegar)
ရေနွေး တစ်ဖန်ခွက် (250 ml) ထဲကို Supermarket တွေကနေ အလွယ်တကူ ဝယ်ယူနိုင်တဲ့ Apple Cider Vinergar တစ်ဇွန်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းရောပြီး သောက်ပေးရင်လည်း ကြွက်တက်တာကို သက်သာစေပါတယ်။

(၃) နှိပ်နယ်ပါ
ကြွက်တက်လာရင် ဖြစ်နေတဲ့နေရာကို လက်သီးဖြင့် ဆုပ်နယ်ခြင်း ဒါမှမဟုတ် လက်မဖြင့် ဖိနှိပ်ခြင်းတို့ဖြင့် ဆက်တိုက်ဖိအားပေးပါ။

(၄) အညောင်းဆန့်ပါ
ပေါင်မှာ ကြွက်တက်နေပါက လမ်းလျှောက်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပြီး ခြေသလုံးကြွက်သားတွင် ကြွက်တက်နေပါက ခြေထောက်ကို အပေါ်ဘက်သို့ ဆွဲယူမြှင့်တင်ပေးခြင်းဖြင့်သော်လည်းကောင်း၊ ကြမ်းပြင်တွင် ခြေဖနောင့်ကို ထောက်ကန်ထားပြီး ခြေဖဝါးကို အပေါ်ဘက်သို့ ထောင်မတ်ပေးခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

(၅) ရေနွေးဖြင့် ရေချိုးပါ
ရေနွေးဖြင့် ရေချိုးခြင်းကြောင့် ကြွက်သားများ ပြေလျော့စေပြီး ကြွက်ခဏခဏတက်ခြင်းကို သက်သာစေနိုင်ပါတယ်။

CMS (www.drmyanmar.com)