/
news/ကျန်းမာရေး-z/zollinger-ellison-syndrome

Zollinger-Ellison Syndrome

Category
ကျန်းမာရေး (A-Z)

          မုန့်ချိုအိတ် (သို့) အူသိမ်ပိုင်းမှာ ကင်ဆာတစ်ခု (သို့) တစ်ခုထက်ပိုဖြစ်တာကို Zollinger-Ellison Syndrome လို့ခေါ်ပါတယ်။ ဖြစ်ခဲတဲ့ရောဂါလက္ခဏာစုတစ်မျိုးဖြစ်ပါတယ်။ ဒါကို Gastrinomas လို့လည်းခေါ်ပြီး အစာအိမ်ကနေ အက်ဆစ်အများကြီးထွက်စေတဲ့ gastrin ဟော်မုန်းတွေထွက်စေပါတယ်။ ပိုတဲ့အက်ဆစ်တွေကြောင့် အစာအိမ်အနာ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အခြားရောဂါလက္ခဏာတွေဖြစ်စေပါတယ်။

         ဒီရောဂါလက္ခဏာစုကရှားပါးပြီးတော့ ဘယ်အသက်အရွယ်မှာမဆိုဖြစ်နိုင်ပါတယ်။ အဖြစ်များတဲ့အသက်ကတော့ 20 နှင့် 50 နှစ်အကြားဖြစ်ပါတယ်။ အစာအိမ်အက်ဆစ်များကိုလျှော့ချဖို့နဲ့ အနာကျက်စေဖို့အတွက် သောက်ဆေးများက အသုံးများတဲ့ကုသမှုပဲဖြစ်ပါတယ်။

>> ရောဂါလက္ခဏာများ

- ဗိုက်အောင့်ခြင်း

- ဝမ်းလျှောခြင်း

- ဝမ်းဗိုက်အထက်ပိုင်း ပူခြင်း၊ နာခြင်း၊ မအီမသာဖြစ်ခြင်း

- အက်ဆစ်များပြန်ကန်ထွက်ခြင်း၊ ရင်ပူခြင်း

- ပျို့ခြင်း၊ အော့အန်ခြင်း

- အစာချေလမ်းကြောင်းတွင်သွေးထွက်ခြင်း

- အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း

- အစာစားချင်စိတ်နည်းခြင်း

 

>> ရောဂါဖြစ်စေသောအကြောင်းအရင်းများ

         တိကျတဲ့အကြောင်းအရင်းတော့မရှိပါဘူး။ ဒီရောဂါဖြစ်ရတဲ့ ဖြစ်စဉ်ကတော့ရှင်းပါတယ်။ ဒီရောဂါစုက မုန့်ချိုအိတ်၊ အူသိမ် (သို့) မုန့်ချိုအိတ်နားက ပြန်ရည်ကြိတ်တစ်ခုခုမှာ ကင်ဆာကျိတ်ဖြစ်တာကနေ စပါတယ်။

         မုန့်ချိုအိတ်က အစာအိမ်ရဲ့အနောက်ဘက်အောက်နားမှာရှိပြီးတော့ အစာချေဖို့အတွက်လိုအပ်တဲ့ ဓာတ်ကူပစ္စည်းတွေကို ထုတ်ပေးပါတယ်။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်တဲ့ အင်ဆူလင်ဟော်မုန်းကိုလည်း ထုတ်ပေးပါတယ်။

         အသည်း၊ မုန့်ချိုအိတ်၊ သည်းခြေအိတ်တွေကထွက်တဲ့ အစာချေရည်တွေက အူသိမ်ထဲမှာရောသွားပါတယ်။ ဒီမှာ အစာချေမှုအမြင့်ဆုံးပါပဲ။ ဒီရောဂါလက္ခဏာစုက အစာအိမ်က အက်ဆစ်ထွက်မှုကိုများစေပြီး အစာအိမ်အနာနဲ့ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့အပြင် ကင်ဆာလည်းဖြစ်စေပါတယ်။ ကင်ဆာကျိတ်က ဖြည်းဖြည်းချင်းကြီးလာပေမယ့် ကင်ဆာကတော့ နေရာတိုင်းကိုပျံ့နှံ့နိုင်ပါတယ်။ အနားမှာရှိတဲ့ ပြန်ရည်ကြိတ်တွေနဲ့ အသည်းဆီကိုတော့ အများဆုံးပျံ့နှံ့လေ့ရှိပါတယ်။

>> MEN 1 နှင့်ဆက်စပ်မှု

         အင်ဒိုခရိုင်းအင်္ဂါများစွာတွင် ကင်ဆာဖြစ်ခြင်း (MEN 1) လို့ခေါ်တဲ့မွေးရာပါရောဂါကြောင့်လည်း Zollinger-Ellison Syndrome ဖြစ်တတ်ပါတယ်။ MEN 1 ရှိတဲ့သူတွေမှာ parathyroid gland နဲ့ pituitary gland တွေမှာလည်း ကင်ဆာကျိတ်တွေဖြစ်လေ့ရှိပါတယ်။

>> ဖြစ်နိုင်ချေများသောအချက်များ

         မောင်နှမ (သို့) မိဘကဲ့သို့သော သွေးသားတော်စပ်သူတွေမှာ MEN 1 ရှိရင် Zollinger-Ellison syndrome ဖြစ်နိုင်ချေများပါတယ်။

>> စမ်းသပ်မှုများနှင့်ရောဂါဖော်ထုတ်ခြင်း

ရောဂါရာဇဝင် - ရောဂါလက္ခဏာတွေနဲ့ အခြားရောဂါတွေရှိ/မရှိမေးပါလိမ့်မယ်။

သွေးစစ်မှုများ - သွေးစစ်ပြီး gastrin ပမာဏစစ်ကြည့်နိုင်ပါတယ်။ gastrin များခြင်းက မုန့်ချိုအိတ်၊ အူသိမ်ကင်ဆာတွေကြောင့်ဖြစ်နိုင်သလို အခြားရောဂါတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဥပမာ အစာအိမ်က အက်ဆစ်မထွက်လျှင် (သို့) အက်ဆစ်အထွက်များတဲ့အတွက် ဆေးတွေသောက်နေရင်လည်း gastrin များနေတတ်ပါတယ်။အဖြေမှန်ကန်စေဖို့အတွက် စစ်ဆေးမှုမတိုင်မီအစာဖြတ်ထားဖို့လိုပါတယ်။ အက်ဆစ်ချေဖျက်တဲ့ဆေးတွေကိုလည်း ရပ်ထားရပါမယ်။ gastrin အတက်အကျရှိတဲ့အတွက် ပြန်ပြီးစစ်ဖို့လိုအပ်ပါတယ်။

Secretin stimulation test – gastrin ပမာဏအရင်တိုင်းထားပါမယ်။ ပြီးမှ secretin ဟော်မုန်းထိုးထည့်ပြီး gastrin ပမာဏကိုပြန်တိုင်းပါတယ်။ Zollinger-Ellison Syndrome ရှိတယ်ဆိုရင် gastrin ပိုများနေတာကိုတွေ့ရပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်း မှန်ပြောင်းကြည့်ခြင်း - လည်ချောင်း၊ အစာအိမ်၊ အူသိမ်တွေထဲကိုမှန်ပြောင်းထည့်ပြီး အနာရှိ/မရှိကြည့်ခြင်းဖြစ်ပါတယ်။ မှန်ပြောင်းကြည့်ရင်း အူသိမ်အသားစယူပြီး ကင်ဆာရှိ/မရှိစစ်ဆေးနိုင်ပါတယ်။ ဒီစစ်ဆေးမှုအတွက် ညသန်းခေါင်အချိန်ကစပြီး ဘာမှမစားဖို့ ညွှန်ကြားပါလိမ့်မယ်။

Endoscopic Ultrasound - အစာအိမ်၊ အူသိမ်နဲ့ မုန့်ချိုအိတ်တွေမှာ ကင်ဆာကြိတ်ရှိ/မရှိ အနီးကပ်စစ်ဆေးနိုင်ပါတယ်။ မှန်ပြောင်းကနေပြီးတော့ ကင်ဆာကြိတ်ကိုဖယ်ရှားနိုင်ပါတယ်။

Imaging tests – Nuclear scan, Ultrasound, CT, MRI

>> ကုထုံးများ

ကင်ဆာကျိတ်များကို ကုသခြင်း

အကျိတ်ကိုခွဲစိတ်ပြီးဖယ်ရှားခြင်းပြုလုပ်နိုင်ပါတယ်။ အကျိတ်တစ်လုံးထဲဆိုရင်ခွဲစိတ်လို့ရသော်လည်း အများကြီးဖြစ်ပြီး အသည်းကိုပျံ့နေပြီဆိုရင်တော့ ခွဲပြီးဖယ်ထုတ်ဖို့မဖြစ်နိုင်ပါဘူး။ ကင်ဆာကြီးထွားမှုကိုထိန်းချုပ်နိုင်တဲ့ကုထုံးတွေကတော့ -

1. အသည်းကင်ဆာအကျိတ်ကို တတ်နိုင်သလောက်ခွဲထုတ်ခြင်း

2. သွေးဖြတ်တောက်ခြင်းဖြင့် ကင်ဆာကျိတ်ကိုဖျက်ဆီးခြင်း၊ အပူသုံးပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း

3. ကင်ဆာလက္ခဏာများသက်သာစေရန် ကင်ဆာကျိတ်ထဲသို့ ဆေးထိုးထည့်ခြင်း

4. ကင်ဆာကြီးထွားမှုနှေးကွေးစေရန် ဓာတ်ကင်ခြင်း

5. အသည်းအစားထိုးကုသခြင်း

>> အက်ဆစ်များအလွန်အကျွံထွက်ခြင်းအတွက် ကုထုံးများ

         အက်ဆစ်တွေပိုထွက်နေတာကို ထိန်းချုပ်လို့ရပါတယ်။ Proton pump inhibitors တွေကတော့ ပထမဦးစားပေးကုထုံးဖြစ်ပြီး အက်ဆစ်ထွက်ခြင်းကို လျော့ကျစေပါတယ်။ အသုံးများတဲ့ဆေးတွေကတော့ lansoprazole, omeprazole, pantoprazole, rabeprazole, esomeprazole တို့ဖြစ်ကြပါတယ်။

         အထူးသဖြင့် အသက် 50 နှင့်အထက် လူကြီးတွေမှာ proton pump inhibitors ကိုအကြာကြီးစွဲသောက်ခြင်းကြောင့် ပေါင်ရိုး၊ လက်ကောက်ဝတ်နဲ့ ကျောရိုးကျိုးဖို့ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါပေမယ့် ဆိုးကျိုးကနည်းတဲ့အတွက် ကောင်းကျိုးဆိုးကျိုးယှဉ်ပြီးအသုံးပြုသင့်ပါတယ်။

         Octreotide (Somatostatin ဟော်မုန်းနှင့်အလားတူဆေး) က gastrin ရဲ့လုပ်ဆောင်မှုကို ဆန့်ကျင်တဲ့အတွက် အသုံးဝင်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)