/
news/ကျန်းမာရေး-z/frozen-shoulder-ပခုံးအေးခဲနာ

Frozen Shoulder (ပခုံးအေးခဲနာ)

Category
ကျန်းမာရေး (A-Z)

Frozen Shoulder (ပခုံးအေးခဲနာ) ဆိုတာဟာ တောင့်တင်းနာကျင်မှုကို ခံစားရတဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို ဖြည်းဖြည်းချင်း ခံစားရပြီး တစ်နှစ်ခွဲအတွင်းမှာ သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။ ပြန်ဖြစ်တတ်တဲ့သဘောရှိသဖြင့် များသောအားဖြင့် ယခင်ဖြစ်ထားဖူးတဲ့ ပခုံးဘက်အခြမ်းမှာ ပြန်ဖြစ်တာ များပါတယ်။

 

>>    ရောဂါလက္ခဏာများ

          ရောဂါလက္ခဏာတွေက ဖြည်းဖြည်းချင်း ပေါ်လာလေ့ရှိပြီး အဆင့် 3 ဆင့် ရှိပါတယ်။ အဆင့်တစ်ခုဆီက လအနည်းငယ်ဆီ ကြာမြင့်နိုင်ပါတယ်။

 

1.       ပခုံးလှုပ်ရှားလိုက်တိုင်းမှာ နာကျင်မှုကို ခံစားရပြီး အထက်ကောင်းစွာ မမြှောက်နိုင်၊ စက်ဝိုင်းလို လှည့်၍မရနိုင် စသည်ဖြင့် ပခုံးရဲ့လှုပ်ရှားမှုတွေ အကန့်အသတ် ဖြစ်လာတဲ့ Freezing Stage

2.       နာကျင်မှုတွေ လျော့ပါးလာပေမယ့် ပခုံးက ပိုမိုတောင့်တင်းလာပြီး လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ ပိုမိုခက်ခဲလာတဲ့ Frozen Stage

3.       ပခုံးရဲ့လှုပ်ရှားနိုင်တဲ့ အတိုင်းအတာ တိုးတက်ကောင်းမွန်လာတဲ့ Thawing Stage

          တစ်ခါတစ်ရံမှာ နာကျင်မှုက ညအခါမှာ ပိုမိုဆိုးဝါးတာကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။

 

>>    ဖြစ်ပွားစေတဲ့ အကြောင်းအရင်း

          ပခုံးကို အုပ်ထားတဲ့အဖုံး (Capsule) ထူထဲလာပြီး တင်းကျပ်လာတာကြောင့် အေးခဲပခုံးလို့ခေါ်တဲ့ Frozen Shoulder ကို ခံစားရတာ ဖြစ်ပါတယ်။

 

>>    Frozen Shoulder ဖြစ်ပွားရခြင်းကို မြင့်တက်စေတဲ့ အကြောင်းအရင်းများ

1.       အသက် 40 နှင့်အထက် လူကြီးများ (အထူးသဖြင့် အမျိုးသမီးများ)

2.       ပခုံးလှုပ်ရှားမှုနည်းသူများ (ခွဲစိတ်ထားသူများ၊ လက်ကျိုးထားသူများ၊ လေဖြတ်ထားသူများ၊ ပခုံးဒဏ်ရာ ရထားသူများ)

3.       ဆီးချိုဝေဒနာရှင်များ

4.       သိုင်းရွိုက်ဟော်မုန်းပမာဏ များသူများ / နည်းသူများ

5.       ပါကင်ဘန်ရောဂါရှိသူများ

6.       တီဘီရောဂါရှိသူများ

7.       နှလုံးရောဂါရှိသူများ

 

>>    စမ်းသပ်စစ်ဆေးခြင်း

          ရောဂါရာဇ၀င်ကို မေးမြန်းခြင်း၊ ပခုံးရဲ့လှုပ်ရှားနိုင်စွမ်းကို စမ်းသပ်စစ်ဆေးခြင်းဖြင့် Frozen Shoulder ဟုတ်၊ မဟုတ် သိနိုင်ပါတယ်။ စစ်ဆေးမှုအနေဖြင့် ဓာတ်မှန်ရိုက်ခြင်း (သို့) MRI ရိုက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

 

>>    ကုသမှု

•        ကုသမှုအနေဖြင့် နာကျင်ကိုက်ခဲမှု သက်သာစေတဲ့ ဆေးဝါးများပေးခြင်း (အက်စပရင် - Aspirin, အိုင်ဗျူပရိုဗန် - Ibuprofen)

•        Physical Therapy ဟုခေါ်သော ပခုံးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း

 

        အေးခဲပခုံးဝေဒနာဟာ 1 နှစ်မှ 1 နှစ်ခွဲအတွင်း ရောဂါလက္ခဏာ မသက်သာပါက -

1.       ပခုံးအတွင်းသို့ စတီးရွိုက်ထိုးခြင်း

2.       အဆစ်အဖုံးအတွင်းသို့ ပိုးသတ်ထားတဲ့ရေ ထိုးထည့်ပြီး အရိုးအဆစ်များ လှုပ်ရှားမှု ပိုမိုလွယ်ကူစေသော it distension နည်း

3.       တောင့်တင်းနေသော တစ်သျှူးများ ပြေလျော့နေစေဖို့ မေ့ဆေးပေးပြီး အဆစ်များကို လှုပ်ရှားပေးတဲ့ shoulder manipulation

4.       ပခုံးဆစ်အတွင်းသို့ ပေါ့ပါးပြီး ပြွန်ကဲ့သို့သောကိရိယာကို ထိုးသွင်းပြီး အမာရွတ်များကို ဖယ်ရှားတဲ့ ခွဲစိတ်မှု (Arthroscopic Surgery) တို့ကို ပြုလုပ်နိုင်ပါတယ်။

 

>>    ကြိုတင်ကာကွယ်ခြင်း

          ပခုံးထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်စေ၊ လေဖြတ်ထားခြင်းကြောင့်ဖြစ်ဖြစ် ပခုံးအသုံးပြုမှု မရှိခြင်းသည် Frozen Shoulder ဖြစ်ရခြင်း အကြောင်းအရင်းတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တာကြောင့် အဲ့ဒီအချိန်တွေမှာ ဆရာဝန်နှင့် တိုင်ပင်ပြီး ပခုံးနှင့် ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)