/
news/ကျန်းမာရေး-z/ဆီးအိမ်-ကျောက်တည်ခြင်း

ဆီးအိမ် ကျောက်တည်ခြင်း

Category
ကျန်းမာရေး (A-Z)

          ဆီးအိမ်မှာ ကျောက်တည်တယ်ဆိုတာ ဆီးအိမ်ထဲ၌ ဆားဓာတ်အစိုင်အခဲတွေ စုပုံလာတာကို ခေါ်ပါတယ်။ ဆီးထဲမှာရှိတဲ့ ဆားဓာတ်တွေဟာ အစိုင်အခဲဖြစ်ရာမှ ကျောက်တည်ခြင်းဖြစ်ပါတယ်။

          ရောဂါလက္ခဏာတွေကတော့ ပြင်းထန်စွာဗိုက်အောင့်ခြင်းမှစ၍ သွေးထဲမှာ ဆီးပါးပါခြင်းထိဖြစ်နိုင်ပါတယ်။ တခါတရံမှာတော့ ဘာရောဂါလက္ခဏာမှ မတွေ့ရတတ်ပါဘူး။

          သေးငယ်တဲ့ဆီးကျောက်တွေဟာ ဘာကုသမှုမှမလိုဘဲ အလိုအလျောက်ဆီးမှတဆင့် စွန့်ထုတ်နိုင်ပြီး အချို့ကတော့ ဆေးဝါးတွေ၊ ခွဲစိတ်ကုသမှုတွေလိုအပ်ပါတယ်။ မကုသဘဲထားပါက ဆီးကျောက်တွေကြောင့် ပိုးဝင်တာနဲ့ တခြားနောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

ရောဂါလက္ခဏာများ

        တချို့ကြီးမားတဲ့ ဆီးကျောက်တွေဟာ ဘာပြဿနာမှမဖြစ်စေပါဘူး။ ဒါပေမယ့် ကျောက်တွေဟာ ဆီးအိမ်နံရံကို နှိုးဆွတာ (သို့) ဆီးလမ်းကြောင်းကို ပိတ်ဆို့တာတွေဖြစ်လာပါက အောက်ပါရောဂါလက္ခဏာတွေကိုတွေ့ရနိုင်ပါတယ်။

- ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်း

- အမျိုးသားတွေမှာ အမျိုးသားအင်္ဂါနဲ့ ဝှေးစေ့မှာနာကျင်ခြင်း

- ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း

- မကြာခဏဆီးသွားခြင်း

- ဆီးသွားရခက်ခဲခြင်း

- ဆီးထဲတွင်သွေးပါခြင်း

- ဆီးအရောင်နောက်ခြင်း (သို့) ဆီးအရောင်ရင့်လာခြင်း

အကြောင်းအရင်းများ

        ဆီးအိမ်အတွင်းမှာ ဆီးကျန်တာကြောင့် ဆီးကျောက်တည်တာဖြစ်လာရခြင်းဖြစ်ပါတယ်။ တချို့သောရောဂါပိုးတွေဟာလည်း ဆီးကျောက်တည်တာဖြစ်နိုင်ပြီး တခါတရံမှာတော့ အခြားသောရှိပြီးသားအခြေအနေတွေကြောင့်လည်း ဆီးအိမ်ရဲ့လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ဆီးထိန်းခြင်း၊ ဆီးသိုလှောင်ခြင်းနဲ့ ဆီးစွန့်ထုတ်ခြင်းတွေကြောင့်လည်း ဆီးအိမ်မှာကျောက်တည်စေနိုင်ပါတယ်။ ပြင်ပမှ အရာဝတ္ထုများ ဆီးအိမ်အတွင်းသို့ ရောက်ရှိခြင်းကလည်း ကျောက်တည်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

          ဆီးကျောက်တည်စေခြင်း၏ အဓိကအကြောင်းအရင်းများကတော့ -

1. ဆီးကျိတ်ကြီးခြင်း

          ဆီးကျိတ်ကြီးလာတာကြောင့် ဆီးလမ်းကြောင်းကိုပိတ်ဆို့ပြီး ဆီးအိမ်အတွင်း၌ ဆီးကျန်စေတာကြောင့် အမျိုးသားတွေမှာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

2. အာရုံကြောများပျက်စီးခြင်း

          ပုံမှန်အားဖြင့် အာရုံကြောတွေဟာ ဦးနှောက်မှသတင်းအချက်အလက်တွေကို သယ်ဆောင်ပြီး ဆီးအိမ်ကြွက်သားဆီသို့ ပို့ဆောင်ပေးပြီး ကြွက်သားကျုံ့ခြင်း၊ ဆန့်ခြင်းတွေအတွက် လမ်းညွှန်ပေးပါတယ်။ အကယ်၍ လေဖြတ်ခြင်း၊ ကြောရိုးမကြီးဒဏ်ရာရခြင်းနဲ့ အခြားကျန်းမာရေးပြဿနာတွေကြောင့် အာရုံကြောတွေပျက်စီးပါက ဆီးအိမ်အတွင်း၌ ဆီးကျန်တာတွေဖြစ်လာနိုင်ပါတယ်။

          အခြားဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့ -

1. ရောင်ရမ်းခြင်း

          ဆီးအိမ်ရောင်ရမ်းခြင်းမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (သို့) ဆီးခုံ၌ ဓာတ်ရောင်ခြည်ကုသမှုခံယူခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

2. ဆေးပညာဆိုင်ရာ ပစ္စည်းကိရိယာများ

          ဆီးပိုက်၊ သန္ဓေတားကိရိယာများနဲ့ ဆီးလမ်းကြောင်းချဲ့ကိရိယာ စတာတွေရဲ့မျက်နှာပြင်မှာ ဆားဓာတ်တွေစုပုံလာတာကြောင့် ဆီးအိမ်အတွင်းမှာ ကျောက်တွေဖြစ်လာရတာဖြစ်ပါတယ်။

3. ကျောက်ကပ်၌ ကျောက်တည်ခြင်း

          ကျောက်ကပ်မှာကျောက်တည်တာနဲ့ ဆီးအိမ်မှာကျောက်တည်တာမတူပါဘူး။ ဒါပေမယ့် ကျောက်ကပ်မှာရှိတဲ့ ကျောက်သေးသေးလေးတွေဟာ ကျောက်ကပ်ပြွန်မှတဆင့် ဆီးအိမ်ထဲသို့ရောက်လာပြီး ဆီးအိမ်ကျောက်ဖြစ်လာပါတယ်။

အနရာယ်ရှိသောအချက်များ

        ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရေဓာတ်လျော့နည်းခြင်း၊ ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပုံမှန်မဟုတ်ခြင်းနဲ့ အသားဓာတ်နည်းခြင်းတို့ကြောင့် ကလေးတွေမှာ ဆီးအိမ်ကျောက်တွေဖြစ်နိုင်ပါတယ်။

          ဆီးအိမ်ကျောက်တည်ခြင်းကို ပိုမိုဖြစ်စေနိုင်တဲ့အချက်များမှာ -

1. ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း

          ဘယ်အကြောင်းကြောင့်ဖြစ်စေ ဆီးစွန့်ထုတ်ရာပိုက်တွင် ပိတ်ဆို့နေပါက ဆီးကျောက်တည်နိုင်ပါတယ်။ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း အကြောင်းအရင်းအမျိုးမျိုးအနက် ဆီးကျိတ်ကြီးခြင်းက အဓိကအဖြစ်အများဆုံးဖြစ်ပါတယ်။

2. အာရုံကြောများပျက်စီးနေသော ဆီးအိမ်

          လေဖြတ်ခြင်း၊ နာဗ်ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရခြင်း၊ ပါကင်ဆန်ရောဂါ၊ ဆီးချိုရောဂါ၊ ကျောရိုးကျွံခြင်းနဲ့  အခြားသောအကြောင်းအရင်းအမျိုးမျိုးကြောင့် ဆီးအိမ်လုပ်ငန်းဆောင်တာများကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေပျက်စီးစေနိုင်ပါတယ်။ အာရုံကြောပျက်စီးနေတဲ့ဆီးအိမ်ရှိတဲ့ တချို့သူတွေမှာ ဆီးကျိတ်ကြီးခြင်းနဲ့ အခြားဆီးလမ်းကြောင်းပိတ်ဆို့ခြင်းအနေအထားတွေရှိနေတာကြောင့် ကျောက်တည်တာကိုပိုမိုဖြစ်စေနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

        ရောဂါလက္ခဏာမပြလျှင်တောင် ဆီးအိမ်ကျောက်တည်ခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများစွာကိုဖြစ်စေနိုင်ပါတယ်။

နာတာရှည်ဆီးအိမ်မူမမှန်ခြင်း

        ဆီးကျောက်တည်ခြင်းကိုမကုသဘဲထားပါက ဆီးမကြာခဏသွားခြင်း (သို့) ဆီးသွားလျှင်နာကျင်ခြင်း စတဲ့ပြဿနာတွေရေရှည်မှာ ဖြစ်လာနိုင်ပါတယ်။ ဆီးအိမ်ကျောက်တွေဟာ ဆီးပြွန်အတွင်းသို့ ရောက်ရှိသွားပါက ဆီးလမ်းကြောင်းပိတ်ဆို့သွားနိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း

        မကြာခဏဆီးပိုးဝင်ခြင်းသည် ဆီးအိမ်၌ ကျောက်တည်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။

ရောဂါရှာဖွေခြင်း

စမ်းသပ်စစ်ဆေးခြင်း - ဝမ်းဗိုက်အောက်ပိုင်းကိုဆရာဝန်မှ စမ်းသပ်၍ ဆီးအိမ်တင်းခြင်းရှိ/မရှိနဲ့ ဆီးကျိတ်ကြီးခြင်းရှိ/မရှိတို့ကို သိစေနိုင်ပါတယ်။ အခြားရောဂါလက္ခဏာများရှိလျှင်လည်း ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။

ဆီးစစ်ခြင်း - ဆီးအတွင်း၌ သွေး၊ ဘက်တီးရီးယားပိုးနဲ့ ကျောက်တွေပါ/မပါကို စစ်ဆေးနိုင်ပါတယ်။

ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း - အလွန်သေးငယ်တဲ့ကျောက်တွေကိုတောင် တွေ့နိုင်စွမ်းရှိပြီး ဆီးအိမ်ကျောက်အမျိုးမျိုးကို ခွဲခြားသတ်မှတ်ပေးနိုင်ပါတယ်။

- တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ခြင်း

- ဓာတ်မှန်ရိုက်ခြင်း

ကုသမှုခံယူခြင်း

        နေ့စဉ်ရေများများသောက်ပေးခြင်းဖြင့် သေးငယ်တဲ့ကျောက်တုံးတွေကို ဆီးမှတဆင့်စွန့်ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆီးအိမ်ကျောက်တွေကြောင့် ဆီးကျန်တာတွေဖြစ်နိုင်ပြီး ကျောက်ကိုလည်းမစွန့်ထုတ်နိုင်တာကြောင့် ဖယ်ရှားပေးဖို့လိုအပ်ပါတယ်။

1. ဆီးကျောက်များကိုချေဖျက်ခြင်း

        ကင်မရာတပ်ဆင်းထားတဲ့သေးငယ်တဲ့ပြွန်ကို ဆီးပြွန်မှတဆင့် ဆီးအိမ်တွင်းသို့ထည့်သွင်း၍ ဆီးကျောက်များကို လေဆာတယ်လီဗီးရှင်းဓာတ်မှန် (သို့) အခြားစက်ပစ္စည်းအကူအညီနဲ့ အစိတ်စိတ်အမွှာမွှာဖြစ်အောင်ဖြိုခွဲ၍ ဆီးအိမ်မှဖယ်ရှားပေးပါတယ်။

          ကုသမှုမခံယူမီ ခန္ဓာကိုယ်အောက်ပိုင်းထုံကျဉ်စေရန် (သို့) ခေတ္တသတိမေ့စေရန်အတွက် ထုံဆေး/မေ့ဆေးထိုးရန်လိုအပ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဖျားတက်ခြင်း၊ ဆီးအိမ်ပြဲခြင်း (သို့) သွေးထွက်ခြင်းတွေဖြစ်စေနိုင်ပေမယ့်လည်း အဖြစ်မများပါဘူး။ ရောဂါပိုးဝင်ခြင်းကိုကာကွယ်ရန် ကုသမှုမခံယူမီနဲ့ ခံယူပြီးအချိန်များတွင် ဆရာဝန်မှပဋိဇီဝဆေးများကို သောက်သုံးစေပါလိမ့်မယ်။

          ကျောက်ချေပြီးတစ်လခန့်ကြာလျှင် ကျောက်ရှိ/မရှိကို ဆရာဝန်မှ ထပ်မံစစ်ဆေးမည်ဖြစ်ပါတယ်။

2. ခွဲစိတ်၍ဖယ်ရှားခြင်း

        ချေဖျက်ဖို့ခက်ခဲတဲ့ အရွယ်အစားကြီးမားတဲ့ ဆီးအိမ်ကျောက်တွေကိုတော့ ခွဲစိတ်ပြီးဖယ်ရှားရပါတယ်။ ခွဲစိတ်ဆရာဝန်သည် ဆီးအိမ်ကိုဓားရာပေး၍ အတွင်းမှကျောက်များကို တိုက်ရိုက်ဖယ်ရှားပေးတာဖြစ်ပါတယ်။

3. တိုင်းရင်းဆေးဝါးများ

        တိုင်းရင်းဆေးဝါးများနဲ့ပတ်သက်ပြီး တိကျတဲ့စစ်ဆေးမှုတွေပြုလုပ်ထားခြင်းမရှိတာကြောင့် သောက်သုံးလိုပါက ဆရာဝန်နှင့်ဦးစွာတိုင်ပင်သင့်ပါတယ်။

ကာကွယ်ခြင်း

        ကာကွယ်ရန်ခက်ခဲတဲ့အကြောင်းအရင်းတွေမှတဆင့် ဆီးအိမ်ကျောက်တွေဖြစ်လာရပေမယ့်လည်း ဖြစ်နိုင်ချေကိုလျော့ကျစေရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါတယ်။

1. ဆီးလမ်းကြောင်းရောဂါနှင့် ပတ်သက်၍ ရောဂါလက္ခဏာများကို သိထားခြင်းဖြင့်စောစီးစွာရောဂါသိရ၍ ကုသမှုကိုလည်း စောစောစီးစီးခံယူနိုင်ပါတယ်။ (ဥပမာ - ဆီးကျိတ်ကြီးခြင်း)

2. ရေများများသောက်ပါ။ တစ်နေ့လျှင် ရေ ၂ လီတာ ပုံမှန်သောက်သုံးသင့်ပါတယ်။ အရည်များများသောက်ပေးခြင်းဖြင့် ဆီးအိမ်အတွင်းမှာရှိတဲ့ ဆားဓာတ်ပမာဏကို လျော့နည်းစေပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com