/
news/ကျန်းမာရေး-z/ဆီးပူညောင်းကျရောဂါ-သို့-ဂနိုရောဂါ

ဆီးပူညောင်းကျရောဂါ (သို့) ဂနိုရောဂါ

Category
ကျန်းမာရေး (A-Z)

          ဆီးပူညောင်းကျရောဂါဆိုတာ အမျိုးသား၊ အမျိုးသမီးနှစ်မျိုးလုံးမှာဖြစ်တတ်တဲ့ လိင်မှတဆင့် ကူးစက်သော ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်သောရောဂါဖြစ်ပါတယ်။ များသောအားဖြင့် ဆီးပြွန်၊ အစာဟောင်းအိမ်၊ လည်ချောင်းတွေမှာ ဖြစ်လေ့ရှိပြီး အမျိုးသမီးတွေမှာဆိုရင် သားအိမ်ခေါင်း မှာလည်းဖြစ်တတ်ပါတယ်။

          မိခင်မှာရောဂါပိုးရှိရင် မွေးဖွားချိန်မှာ ကလေးကိုကူးစက်နိုင်ပြီး ကလေးတွေမှာ မျက်လုံးကိုအထိများပါတယ်။

          ဆီးပူညောင်းကျရောဂါက အတွေ့များတဲ့ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါပိုးကူးစက်ခံထားရမှန်းတောင်မသိကြပါဘူး။ လိင်မှတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ လိင်ဆက်ဆံမှုကိုရှောင်ကြဉ်ခြင်း၊ လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုခြင်း၊ အိမ်ထောင်ဘက်အပေါ်သစ္စာရှိခြင်းတို့ဖြစ်ကြပါတယ်။

ရောဂါလက္ခဏာများ

        တော်တော်များများက ရောဂါလက္ခဏာပြလေ့မရှိပါဘူး။ ရောဂါလက္ခဏာပေါ်လာပြီဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်း များစွာမှာဖြစ်နိုင်သော်လည်း များသောအားဖြင့် မျိုးပွားအင်္ဂါတစ်ဝိုက်မှာ ရောဂါ လက္ခဏာပြလေ့ရှိပါတယ်။

1. မျိုးပွားအင်္ဂါလမ်းကြောင်းတွင်ဖြစ်သော ဆီးပူညောင်းကျရောဂါ

အမျိုးသားများတွင်

- ဆီးကျင်ခြင်း

- လိင်တံထိပ်မှာ ပြည်ကဲ့သို့သောအရည်များထွက်ခြင်း

- ဝှေးစေ့ရောင်ခြင်း၊ နာခြင်း

အမျိုးသမီးများတွင်

- မိန်းမကိုယ်မှ အရည်များဆင်းခြင်း

- ဆီးကျင်ခြင်း

- ဓမ္မတာလာချိန်မဟုတ်ဘဲ ကြားချိန်များတွင်မိန်းမကိုယ်မှသွေးဆင်းခြင်း (ဥပမာ - လိင်ဆက်ဆံပြီးချိန်တွင်)

- ဗိုက်အောင့်ခြင်း

- သားအိမ်အောင့်ခြင်း

2. ခန္ဓာကိုယ်အခြားနေရာများတွင်ဖြစ်သော ဆီးပူညောင်းကျရောဂါ

(1) အစာဟောင်းအိမ်

        စအိုယားခြင်း၊ စအိုမှ ပြည်ကဲ့သို့သောအရည်များဆင်းခြင်း၊ အိမ်သာသုံးစက္ကူ တွင် သွေးခဲရဲရဲများပါလာခြင်း၊ ဝမ်းသွားလျှင် ညှစ်ရခြင်း

(2) မျက်လုံး

        မျက်စိနာခြင်း၊ အလင်းရောင်ကိုမခံနိုင်ခြင်း၊ မျက်စိတစ်ဖက် (သို့) နှစ်ဖက်စလုံးမှ ပြည်ကဲ့သို့သော မျက်ဝတ်များထွက်ခြင်း။

(3) လည်ချောင်း

        လည်ချောင်းနာခြင်း၊ လည်ပင်းအကျိတ်များကြီးခြင်း

(4) အဆစ်များ

        အဆစ်တစ်ခု (သို့) အဆစ်တော်တော်များများတွင် ဘက်တီးရီးယားပိုးဝင်ပြီး ရောင်ရမ်းခြင်း၊ ပိုးဝင်တဲ့အဆစ်တွေမှာ ပူ၊ နီ၊ ရောင်ပြီး အလွန်အမင်းကိုက်ခြင်း (အထူးသဖြင့် လှုပ်ရှားမှုပြုလျှင်)

ရောဂါဖြစ်သောအကြောင်းအရင်းများ

        ဆီးပူညောင်းကျရောဂါက Neisseria gonorrhoeae ဆိုတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်ပြီး ဒီပိုးက လိင်ဆက်ဆံစဉ်မှာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ပါတယ်။

ဖြစ်နိုင်ချေများသောအချက်များ

1. လိင်ဆက်ဆံဖက်များခြင်း

2. ဆီးပူညောင်းကျရောဂါဖြစ်ဖူးခြင်း

3. အခြားလိင်မှတဆင့်ကူးစက်သောရောဂါများရှိခြင်း

ကုသခြင်း

        ဆီးပူညောင်းကျရောဂါကိုကုသမှုမခံယူပါက သားအိမ်နှင့်သားဥပြွန်တွေကို ပျံ့နှံ့သွားပြီးမျိုးပွားအင်္ဂါများရောင်ရမ်းခြင်းရောဂါဖြစ်ပြီး သားဥပြွန်မှာအမာရွတ်ဖြစ်စေတဲ့အတွက် ကိုယ်ဝန်ဆောင်ဆိုးကျိုးတွေနဲ့ မျိုးတုံးခြင်းဖြစ်နိုင်ချေများပါတယ်။ ဒီရောဂါက ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပါတယ်။ Ceftriaxone၊ Gemifloxacin၊ Azithromycin၊ Gentamicin စတဲ့ ပိုးသတ်ဆေးတွေကို အသုံးပြုပြီး ကုသနိုင်ပါတယ်။

လိင်ဆက်ဆံဖက်အတွက် ကုထုံး

        လိင်ဆက်ဆံဖက်မှာ ရောဂါလက္ခဏာမရှိရင်တောင် စစ်ဆေးမှုပြုလုပ်ပြီးကုသမှုခံယူရပါမယ်။ ကုထုံးကတော့ အတူတူပါပဲ။ လိင်ဆက်ဆံဖက်နှစ်ဦးစလုံးကုသဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ကုသမှုခံယူထားသူဆီကနေ ပြန်ပြီးကူးစက်နိုင်ပါတယ်။

ကလေးများအတွက်ကုထုံးများ

        ရောဂါပိုးရှိတဲ့မိခင်မှ မွေးဖွားလာတဲ့ကလေးတွေကို ရောဂါပိုးကာကွယ်ဖို့အတွက် မွေးပြီးပြီးချင်းမှာ မျက်စဉ်းခပ် ပေးထားရပါမယ်။ မျက်စိမှာရောဂါပိုးဝင်တဲ့လက္ခဏာတွေတွေ့ရရင်တော့ ပိုးသတ်ဆေးပေးရပါမယ်။

ကာကွယ်ခြင်း     

1. လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုပါ။ လိင်ဆက်ဆံမှုကိုရှောင်ကြဉ်ခြင်း ကတော့ ရောဂါကာကွယ်နိုင်ဖို့အတွက် အသေချာဆုံးပါပဲ။ လိင်ဆက်ဆံတော့မယ်ဆိုရင် ဘယ်လိုဆက်ဆံမှုမျိုးပဲဖြစ်ဖြစ် ကွန်ဒုံးသုံးပါ။

2. မိမိ၏လိင်ဆက်ဆံဖက်ကို လိင်မှတဆင့်ကူးစက်သောရောဂါများ ရှိ/မရှိ စစ်ဆေးပါ။ မိမိရဲ့လိင်ဆက်ဆံဖက်ကို ဆီးပူညောင်းကျအပါအ​ဝင် လိင်မှတဆင့်ကူးစက်သောရောဂါများစစ်ဆေးပါ။ မရှိရင် စစ်ဖို့စိတ်ဆန္ဒရှိ/မရှိမေးပြီး စစ်ဆေးစေပါ။

3. ပုံမမှန်တဲ့လက္ခဏာရှိသူတွေနဲ့ လိင်ဆက်ဆံခြင်းမပြုပါနဲ့။ မိမိရဲ့လိင်ဆက်ဆံဖက်မှာ ဆီးပူခြင်း၊ မျိုးပွားအင်္ဂါတစ်ဝိုက်တွင် အကွက်များ၊ အနာများရှိခြင်း စတဲ့ရောဂါလက္ခဏာတွေရှိရင် လိင်ဆက်ဆံမှုမပြုပါနဲ့။

 

Dr. Mya Myo Myo Swe

www.drmyanmar.com