/
news/ကျန်းမာရေး-z/ကလေးနှင့်-သန်ကောင်

ကလေးနှင့် သန်ကောင်

Category
ကျန်းမာရေး (A-Z)

          ဖိနပ်မပါဘဲ ခြေဗလာနှင့်လမ်းလျှောက်ခြင်း၊ မသန့်ရှင်းသောရေတွင်ကစားခြင်း၊ သန့်ရှင်းမှုမရှိသောအစားအစာများ စားသုံးခြင်းတို့ကြောင့် ကလေးငယ်၏ ခန္ဓာကိုယ်အတွင်းသို့ သန်ကောင်ဥများ ဝင်ရောက်လာနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်းသို့ရောက်ရှိလာတဲ့ သန်ကောင်ဥမှတဆင့် အကောင်ပေါက်ပြီး တဖြည်းဖြည်းကြီးထွားလာကာ ဥတွေအများကြီးထပ်ဆင့်ပေါက်ဖွားနိုင်ပါတယ်။

          သန်ကောင်က ပျံ့နှံ့လွယ်ပြီး အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်တာကြောင့် မိခင်တွေအနေဖြင့် အမြဲဂရုပြုသင့်ပါတယ်။

ခန္ဓာကိုယ်တွင်း၌ သန်ကောင်တွေကူးစက်ဝင်ရောက်ခံရချိန်မှာ ဘယ်လိုလက္ခဏာတွေခံစားရနိုင်ပါသလဲ?

          များသောအားဖြင့် သန်ကောင်ဝင်ဝင်ခြင်းမှာ ဘာလက္ခဏာမှပြလေ့မရှိဘဲ ရောဂါလက္ခဏာတွေဟာ ဖြည်းဖြည်းချင်းပေါ်လာလေ့ရှိပါတယ်။ သန်ကောင်ရှိတဲ့ ကလေးငယ်တွေမှာ ဝမ်းဗိုက်နာခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် ဂဏှာမငြိမ်ဖြစ်ခြင်း စတဲ့လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဝမ်းဗိုက်တဝိုက်နာကျင်ခြင်းကြောင့် -

- အစားအသောက်ပျက်ခြင်း၊

- သွေးအားနည်းခြင်း၊

- ယားယံခြင်း၊

- ပျို့အန်ခြင်း၊

- စအိုတဝိုက်တွင် ယားယံခြင်း

- ယားယံခြင်းကြောင့် အိပ်စက်ရာတွင် အခက်အခဲဖြစ်ခြင်း၊

- ချောင်းဆိုးခြင်း

- ဆီးသွားရာတွင် နာကျင်ခြင်း (မိန်းကလေးတွေမှာပိုပြီးအဖြစ်များပါတယ်)

- ဝမ်းသွားရာတွင် သွေးပါခြင်း

- ဝမ်းလျောခြင်း၊

- အူဖျားတွင် သန်ကောင်များပိတ်ဆို့နေခြင်း၊ (အဖြစ်နည်းပေမယ့် သန်ကောင်တွေများပြားလာပါက ဖြစ်နိုင်ပါတယ်။)

          သန်ကောင်အမျိုးမျိုးအနက် တုတ်ကောင်ဟာ ကလေးတွေမှာအဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်။ တုတ်ကောင်တွေဟာ အပ်ချည်မျှင်သဏ္ဍာန်ရှိပြီး အရှည်က တစ်စင်တီမီတာရဲ့တဝက်ခန့်သာ ရှိတာဖြစ်ပါတယ်။

          တုတ်ကောင်ရှိတဲ့ကလေးငယ်တွေမှာ ရောဂါလက္ခဏာမပြဘဲရှိနေနိုင်တာကြောင့် ညအခါမှာ ကလေးရဲ့စအိုဝကို စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်။ တခါတရံမှာ အိပ်ရာခင်းနှင့်အလေးငယ်ရဲ့ဝတ်စုံ၊ ဝမ်းတွေမှာပါ တုတ်ကောင်တွေကိုတွေ့ရတတ်ပါတယ်။

ကိုယ်ထဲသို့ သန်ကောင်တွေဘယ်လိုနည်းလမ်းနဲ့ ဝင်ရောက်နိုင်သလဲ?

1. သန်ကောင်တွေရှိနေတဲ့မြေကြီး

        တုတ်ကောင်၊ သန်ပြာကောင်း၊ ချိတ်သန်ကောင်၊ သန်လုံးကောင်း၊ တုတ်ပြားကောင်၊ ကြာပွတ်၊ သန်ကောင်တွေ အပါအဝင် အခြားသောသန်ကောင်တွေဟာ ခန္ဓာကိုယ်တွင်သို့သန်ကောင်တွေဝင်ရောက်မှုအများဆုံး နည်းလမ်းဖြစ်ပါတယ်။ သန်ကောင်တွေဟာ ညစ်ပတ်ပြိး နံစော်တဲ့နေရာမှာ ပေါက်ဖွားလေ့ရှိတာကြောင့် ဖိနပ်မပါဘဲ၊ ခြေဗလာဖြင့် လမ်းလျှောက်ခြင်း၊ မြေကြီးများနှင့် ဆော့ကစားခြင်း၊ မြေကြီးများကိုင်ပြီးနောက် လက်မဆေးဘဲ အစာစားခြင်းတို့ဖြင့် သန်ကောင်များဝင်ရောက်လာနိုင်ပါတယ်။

2. မသန့်ရှင်းသောရေ

         အချို့သောသန်ကောင်တွေမှာ ရေမှာရှင်သန့်ပေါက်ဖွားလေ့ရှိတာကြောင့် ၎င်းရေထဲတွင် ဆော့ကစားခြင်း၊ ရေကူးခြင်း၊ မသန့်ရှင်းသောရေကို သောက်သုံးခြင်းဖြင့် သန်ကောင်များဝင်ရောက်နိုင်ပါတယ်။ ကလေးတွေရဲ့ ခုခံအားစနစ်ဟာ လူကြီးတွေထက်ပိုပြီး အားနည်းတာကြောင့် ရောဂါပိုးကူးစက်ခံရဖို့ အလားအလာပိုများပါတယ်။

3. မသန့်ရှင်းသောအစားအစာများ

        ကောင်းမွန်စွာဆေးကြောထားခြင်းမရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ သန်ကောင်ဥတွေခိုကပ်နေနိုင်ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေမှာလည်း သန်ဥတွေရှိနေနိုင်တာကြောင့် ကောင်းစွာချက်ပြုတ်ထားခြင်းမရှိသော အသားငါးများကိုစားသောက်ခြင်း၊ အစိမ်းတို့စားခြင်းတို့ကြောင့် သန်ကောင်တွေခန္ဓာကိုယ်အတွင်းသို့ရောက်ရှိနိုင်ပါတယ်။

4. လူတစ်ဦးမှ တစ်ဦးသို့ကူးစက်ခြင်း

        ကလေးငယ်နှင့်အနီးကပ်ထိတွေသူတယောက်ယောက်ဟာ သန်ကောင်ရှိပြီး တကိုယ်ရေသန့်ရှင်းမှုအားနည်းပါက ကလေးငယ်သို့သန်ကောင်တွေ ကူးစက်ရောက်ရှိလာနိုင်ပါတယ်။ သန်ကောင်ဥတွေဟာ ခြေသည်းလက်သည်းအောက်မှာ ကပ်ညှိနေနိုင်တာကြောင့် ၎င်းမှတဆင့်ကလေးငယ်ရဲ့ အသုံးအဆောင် ဒါမှမဟုတ် ကလေးငယ်ရဲ့ ခံတွင်းဆီသို့ရောက်ရှိနိုင်ပါတယ်။

သန်ကောင်တွေနဲ့ ကလေးငယ်ရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုထိခိုက်စေသလဲ?

        သန်ကောင်တွေဟာ ကလေးငယ်ရဲ့ခန္ဓာကိုယ်မှဗီတာမင်နှင့် အာဟာရဓာတ်တွေ စုပ်ယူတာကြောင့် သန်ကောင်တွေရှိနေခြင်းက အာဟာရဓာတ်ချို့တဲ့ခြင်း၊ အလေးချိန်ကျဆင်းခြင်း၊ သွေးအားနည်းခြင်း စတဲ့ကလေးရဲ့ကျန်းမာရေးအပေါ်မှာ ဆိုးဝါးမှုတွေဖြစ်စေပါတယ်။ ခုခံအားစနစ်အားနည်းလာတာကြောင့် ရောဂါပိုးမွှားတွေ ကူးစက်ခံရဖို့အလားအလာလည်းပိုများလာပါတယ်။

          သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါလည်းခံစားရနိုင်ပါတယ်။ ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာအသိဉာဏ်ဆိုင်ရာ ဖွံ့ဖြိုးမှုမှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ အချိန်မီကုသမှုခံယူခြင်းဖြင့် မလိုလားအပ်တဲ့ရောဂါတွေ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

သန်ကောင်များရှိ/မရှိ သေချာစေရန် ဘယ်လိုစမ်းသပ်မှုပြုလုပ်နိုင်သလဲ?

        ဆရာဝန်နှင့် သေချာပြသဖို့လိုအပ်ပါတယ်။ ဆရာဝန်ကအောက်ပါစစ်ဆေးမှုတွေပြုလုပ်ပြီး ကလေးငယ်မှာ သန်ကောင်တွေရှိ/မရှိ သေချာအောင်ဆုံးဖြတ်ပေးပါလိမ့်မယ်။

1. တိပ်ကိုအသုံးပြု၍ စစ်ဆေးခြင်း

        ကလေးငယ်ရဲ့ စအိုဝမှာကပ်ခွာတိပ်ကို ကပ်ပြီး သန်ကောင်ဥတွေစုဆောင်းကာ ဓာတ်ခွဲခန်းပို့စစ်ဆေးတဲ့နည်းဖြစ်ပါတယ်။ တုတ်ကောင်တွေရှိ/မရှိ စစ်ဆေးရာမှာ အသုံးပြုနိုင်ပါတယ်။

2. လက်သည်းခွံများအောက်တွင် သန်ကောင်များရှိ/မရှိစစ်ဆေးခြင်း

3. ကလေးငယ်ရဲ့ စအိုဝတွင် သန်ကောင်ဥရှိ/မရှိ ဝါးဂွမ်းစကို အသုံးပြု၍စစ်ဆေးခြင်း

4. ဝမ်းကိုဓာတ်ခွဲခန်းပို့၍ စစ်ဆေးခြင်း

5. အာထရာဆောင်းလ်ရိုက်ခြင်း

          အာထရာဆောင်းလ်ရိုက်ခြင်းဖြင့် သန်ကောင်ရဲ့တည်နေရာကို တိတိကျကျသိနိုင်ပါတယ်။

ကလေးငယ်မှာ သန်ကောင်ရှိနေခြင်းကို ဘယ်လိုကုသလဲ?

        သန်ကောင်အားလုံးကို သောက်ဆေးနဲ့ကုသလို့ရပါတယ်။ ကလေးငယ်မှာရှိတဲ့ သန်ကောင်အမျိုးအစားတွေပေါ်မူတည်ပြီး ဆရာဝန်က သင့်တော်တဲ့သန်ချဆေးညွှန်ကြားပေးပါလိမ့်မယ်။ အချို့သော သန်ချဆေးတွေဟာ နှစ်နှစ်အောက်ကလေးငယ်တွေအတွက် သင့်တော်မှုမရှိတာကြောင့် မိမိသဘောနဲ့တိုက်ကျွေးခြင်းမပြုသင့်ပါဘူး။ အကောင်းဆုံးကတော့ ဆရာဝန်နှင့်တိုင်ပင်ပြီးမှသာ သန်ချပေးပါ။

          သန်ကောင်တွေဟာပျံ့နှံ့လွယ်ပြီး  ခဏခဏပြန်ဖြစ်နိုင်တာကြောင့် သန်ပုံမှန်ချပေးဖို့လိုအပ်ပါတယ်။

ကလေးငယ်တွင် သန်ကောင်တွေရှိမနေစေရန် ဘာတွေလုပ်ဆောင်သင့်သလဲ

        ကလေးငယ်လမ်းစလျှောက်တတ်ပြီးဆိုကတည်းက သန်ကောင်တွေဝင်ရောက်ဖို့အခွင့်အရေးများလေလေပါဘဲ။ သန်ကောင်တွေဝင်ရောက်ခြင်းမှကာကွယ်နိုင်အောင် အောက်ပါနည်းလမ်းတွေပြုလုပ်နိုင်ပါတယ်။

1. နှစ်နှစ်အောက်ကလေးငယ်မှစပြီး ပုံမှန်သန်ချပါ။

2. ကလေးငယ်ရဲ့အတွင်းခံကို ပုံမှန်လဲလှယ်ပေးပါ။

3. အိမ်ကို ပုံမှန်သန်းရှင်းရေးပြုလုပ်ပါ။

4. လမ်းလျှောက်တဲ့အရွယ်ရောက်ပါက ဖိနပ်စီးတတ်အောင်လေ့ကျင့်ပေးထားပါ။

 

Dr. Htet Htet Aung

www.drmyanmar.com