/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သင့်ရဲ့-ကိုယ်ခံစွမ်းအားစနစ်-ကောင်းလား

သင့်ရဲ့ ကိုယ်ခံစွမ်းအားစနစ် ကောင်းလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်ခံစွမ်းအားစနစ်ဟာ ခန္ဓာကိုယ်အတွက်အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ အဆိပ်အတောက်တွေနဲ့ ကပ်ပါးပိုးအန္တရာယ်တွေကနေ ကာကွယ်ပေးပါတယ်။ အရေပြားပေါ်က စုတ်ပြဲဒဏ်ရာမှတဆင့်ဖြစ်စေ၊ ပါးစပ်၊ နှာခေါင်းပေါက်တွေမှတဆင့်ဖြစ်စေ ပိုးမွှားတွေဝင်ရောက်လာတာနဲ့ ကိုယ်ခံစွမ်းအားစနစ်ဟာ စတင်ပြီး အလုပ်လုပ်ပါတယ်။

          ဒါပေမယ့် တခါတရံလွန်ကဲစွာတုံ့ပြန်မှုတွေဖြစ်လာရင်တော့ ဓာတ်မတည့်တာတွေနဲ့ မိမိခန္ဓာကိုယ်ကို မိမိပြန်တိုက်ခိုက်တဲ့ရောဂါတွေထိ ဖြစ်လာနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် အားနည်းလာတဲ့အခါ ဘာတွေဖြစ်နိုင်သလဲ

      ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်အားနည်းနေပါက ပိုးမွှားတွေကိုမတိုက်ထုတ်နိုင်တော့တာကြောင့် နာလန်မထမီမှာပင် နောက်တစ်ခါထပ်မံ၍ နေမကောင်းဖြစ်စေနိုင်ပါတယ်။ ဒီထက်ပိုဆိုးပါက နောက်ဆက်တွဲဆိုးကျိုးတွေကိုပါ ခံစားစေရုံသာမက ဖျားနာခြင်းဟာ လချီကြာနိုင်ပါတယ်။

          ကိုယ်ခံအားစနစ်လုံးဝအလုပ်မလုပ်တော့ပါက ဖျားနာခြင်းကိုသဘာဝအတိုင်း အကာအကွယ်မပေးနိုင်တော့ပါဘူး။ ပုံမှန်ဆိုလျှင် ခန္ဓာကိုယ်ကိုဒုက္ခမပေးနိုင်တဲ့ ပိုးမွှားတွေကြောင့်ပါ ရောဂါတွေထပ်ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါတွေထဲမှာ ထပ်ခါတလဲလဲ အဆုတ်ရောင်ခြင်း၊ ရေယုံပေါက်ခြင်းနဲ့ အဆုတ်ချောင်းဆိုးသွေးပါရောဂါ စတာတွေဖြစ်ပါတယ်။

ကိုယ်ခံအားစနစ်တုံ့ပြန်မှုလွန်ကဲရင်ကော ဘာဖြစ်နိုင်သလဲ

      ကိုယ်ခံအားစနစ်အားကောင်းလွန်းခြင်းဟာလည်း ကိုယ်ခံအားစနစ် အားနည်းခြင်းကဲ့သို့ပင် အန္တရာယ်ကြီးမားလှပါတယ်။ ကိုယ်ခံအားစနစ်တုံ့ပြန်မှုလွန်ကဲခြင်းကြောင့် ခန္ဓာကိုယ်သည် ကောင်ခြင်းဆိုးခြင်းကို မခွဲခြားနိုင်တော့ဘဲ ကိုယ့်ခန္ဓာကို ပြန်တိုက်ခိုက်တဲ့ မူမမှန်မှုတွေဖြစ်လာစေနိုင်ပါတယ်။

      ကိုယ်ခံအားစနစ်တုံ့ပြန်မှုလွန်ကဲခြင်းကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေကတော့ -

1. သွေးလေးဖက်နာရောဂါ - အဆစ်အမြစ်တွေကို တိုက်ခိုက်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်းနဲ့ တောင့်တင်းခြင်းတွေဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆစ်အမြစ်တွေဟာ ပုံပျက်လာပြီး ကောင်းစွာလည်း အလုပ်မလုပ်နိုင်တော့ပေ။

2. အာရုံကြောစနစ်ထိခိုက်တဲ့ရောဂါ (multiple sclesosts) - ကိုယ်ခံစွမ်းအားစနစ်သည် အာရုံကြောမျှင်တွေပျက်စီးခြင်းကို ကာကွယ်ပေးထားတဲ့အဆီလွှာကို ဖျက်ဆီးလိုက်တာကြောင့် အာရုံကြောရဲ့လုပ်ငန်းဆောင်တာတွေထိခိုက်လာပါတယ်။ ရောဂါပိုဆိုးလာပါက ဦးနှောက်၊ ကျောရိုးမကြီးနဲ့ မျက်စိတွေကိုပါ ထိခိုက်စေ၍ ကြွက်သားထိန်းချုပ်မှု၊ ခန္ဓာကိုယ်မျှခြေအနေအထား၊ အမြင်အာရုံနဲ့ အခြားခန္ဓာကိုယ် လုပ်ငန်းဆောင်တာတွေမှာပါ ပြဿနာတွေဖြစ်လာစေပါတယ်။

3. အူရောဂါ (Celiac disease) – Gluten လို့ခေါ်တဲ့ အသားဓာတ်တစ်မျိုးစားသုံးမိပါက ခန္ဓာကိုယ်ခုခံအားစနစ်သည် အူသိမ်အူမွှားတွေကို တိုက်ခိုက်၍ အစာမှာပါတဲ့အာဟာရဓာတ်တွေကိုစုတ်ယူနိုင်တဲ့ အချွန်အတက် (villi) အစိတ်အပိုင်းတွေကို ဖျက်ဆီးပါတယ်။

          အခြားရောဂါတွေကတော့ -

1. အရေပြားရောင်ရောဂါတစ်မျိုး (Lupus)- အရေပြား၊ အဆစ်အမြစ်နဲ့ သွေးဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။

2. သွေးကြောရောင်ခြင်း

3. Sjogren's syndrome - မျက်စိခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်း

4. အူရောင်ခြင်း - အစာခြေစနစ်ကို ထိခိုက်စေပါတယ်။

5. နာတာရှည်မောပန်းနွမ်းနယ်ခြင်းရောဂါစု - အိပ်စက်ခြင်းမူမမှန်မှုနှင့် နာကျင်ခြင်း

ကိုယ်ခံအားစနစ်ချို့ယွင်းခြင်းရဲ့အကြောင်းအရင်းတွေက ဘာတွေလဲ

      ဘာကြောင့်လဲဆိုတာ တိတိကျကျမသိရသေးပေမယ့်လည်း ဘယ်လိုဖြစ်လာလဲဆိုတာတော့ သဲလွန်စတွေ တွေ့လာရပြီဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဆိုတာ ဗဟိုအာရုံကြောစနစ်ကြီးရဲ့ ကွန်ယက်အစုအပေါင်းကြီးဖြစ်တာကြောင့် ထိုစနစ်ကြီးပုံမှန်အလုပ်လုပ်နေပါက ဘာပြဿနာမျှမဖြစ်စေပါဘူး။ အကယ်၍ ကောင်းစွာမအိပ်စက်ပါက (သို့) စိတ်ဖိစီးမှုတွေများလာပါက ခန္ဓာကိုယ်မှ စိတ်ဖိစီးမှုဟော်မုန်းတွေ ပိုထွက်လာစေပြီး ခန္ဓာကိုယ်ပျက်စီးခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။ အရိုးနဲ့ကြွက်သားတွေထိခိုက်တဲ့အပြင် အနာကျက်တဲ့ဖြစ်စဉ်ကိုလည်း နှေးကွေးစေပါတယ်။ ထို့ပြင် ၎င်းဟော်မုန်းသည် အစာချေခြင်း၊ ဓာတ်ပြုခြင်းဖြစ်စဉ်တွေကိုလည်း အနှောက်အယှက်ပေး၍ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ

      ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက် သင့်တော်တဲ့အစားအစာတွေစားသုံးခြင်း၊ နေ့စဉ် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း၊ ကောင်းစွာအိပ်စက်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကိုလျှော့ချခြင်းတွေဟာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းစွာအလုပ်လုပ်နိုင်ရန် ပံ့ပိုးကူညီပေးပါတယ်။

Dr. Thinzar Wynn

www.drmyanmar.com