/
news/ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး/ကိုယ်ဝန်ဆောင်ချိန်-ဗိုက်နာတယ်ဆိုတာ

ကိုယ်ဝန်ဆောင်ချိန် ဗိုက်နာတယ်ဆိုတာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

သားအိမ်ကြွက်သားတွေ ကျုံ့ခြင်း၊ ဆန့်ခြင်းကြောင့် ဖြစ်ပါတယ်။
စစချင်းမှာ အရမ်းမနာဘူး၊ နာတာလည်း ကျဲမယ်။ ရာသီလာတဲ့ အချိန် နာတာမျိုး၊ ခါးနာတာမျိုးနဲ့ ဆင်တူတယ်။
ခါးအောက်ပိုင်းက စပြီး ဖြည်းဖြည်းချင်း ဗိုက်အောက်ပိုင်း၊ ပေါင်တွေ နာလာမယ်။
ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မတူညီဘဲ ကွဲပြားနိုင်ပါတယ်။

>>  အမျိုးအစား
ဗိုက်နာတဲ့ အမျိုးအစား ၃ မျိုးရှိပြီး ၁ မျိုးကသာ ကလေးမွေးဖို့အတွက် တကယ်နာတာ ဖြစ်ပါတယ်။

၁။  Practice Contraction
ဒါကတော့ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံး ဘယ်အချိန်မှာ မဆို နာနိုင်ပါတယ်။ Baxton contraction လို့ ခေါ်ပါတယ်။ လူတိုင်းမှာတော့ မဖြစ်ပါဘူး။ ကလေးမွေးချိန်မှာ ညှစ်ဖို့ အစမ်းလေ့ကျင့်နေတာပေါ့။
 
၂။  False Contraction
တကယ်မွေးခါနီးလို့ မနာခင်မှာ ဖြစ်တတ်ပြီး သားအိမ်ခေါင်းကို ကလေးမွေးတဲ့အခါမှာ အဆင်သင့် ဖြစ်အောင် ကူညီပေးပါတယ်။ ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး ခန္ဓာကိုယ်ပုံစံ ပြောင်းလိုက်တာနဲ့ ပျောက်သွားတတ်ပါတယ်။ သားအိမ်ခေါင်းကို မပွင့်စေပါဘူး။

၃။  မွေးခါနီး ဗိုက်နာခြင်း (Actual Contraction)
နာတာက ဆက်တိုက်ဖြစ်လာပြီး ပိုပိုနာလာမယ်။ ခန္ဓာကိုယ်ကို ဘယ်လိုပုံစံပြောင်းပြောင်း နာတာက မရပ်သွားဘူး။ နာတာက ပိုပိုစိတ်၊ ပိုပိုနာလာမယ်။ တစ်ခါတလေ ဝမ်းသွားချင်သလိုနာတာမျိုး၊ ဒါမှမဟုတ် ဝမ်းလျှောတာနဲ့ တွဲလာတတ်ပါတယ်။ ခါးအောက်ပိုင်း၊ ဆီးခုံနား၊ ပေါင်တွေပါ နာလာမယ်။ အနီရောင်အရည်တွေ ဆင်းမယ်။ ရေမွှာရည် ပေါက်တာပါ နောက်က လိုက်လာပါလိမ့်မယ်။

>>  ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်းသွားမလဲ?
ဆရာဝန်တွေကတော့ နာတာက ၁၀ မိနစ်အတွင်း ၅ ကြိမ်လောက် ဖြစ်လာပြီဆို ဆေးရုံသွားသင့်ပါပြီလို့ ဆိုပါတယ်။ ဒါမှမဟုတ် ဆရာဝန်က လာဖို့လိုအပ်ပြီလို့ ပြောတာနဲ့ သွားသင့်ပါတယ်။
ဒီလက္ခဏာတွေ ပေါ်လာပြီဆို မွေးဖို့ရက် လိုသေးလည်း ဆေးရုံသွားရပါတယ်။
●  အရမ်းနာလာရင်
●  မနာဘဲ ရေမွှာပေါက်ရင်
●  ရေမွှာရည် အစိမ်းရောင်၊ အညိုရောင်ဖြစ်ရင်
●  မိန်းမကိုယ်ထဲကို တစ်ခုခု ကျလာတယ်လို့ ခံစားရရင်၊ ကြိုးလို အရာကျလာခဲ့ရင် (အချင်းကျလာတာ ဖြစ်နိုင်ပါတယ်)
●  ဗိုက်နာလို့ ဆေးရုံရောက်ပြီဆိုရင်
သဘာဝအတိုင်း မွေးဖွားသွားနိုင်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက သင့်ကို မွေးခန်းထဲရွှေ့ပြီး လိုအပ်တာတွေ လုပ်ပေးပါလိမ့်မယ်။
မကြာခဏ နာတဲ့အကြောင်းကို လာမေးပါလိမ့်မယ်၊ မေးခွန်းတွေကို သေချာဖြေပေးမှသာ လိုအပ်တဲ့ ပြင်ဆင်မှုကို လုပ်ပေးနိုင်ပါလိမ့်မယ်။
သင်ကိုယ်တိုင်လည်း သားအိမ်ညှစ်တာကို သတိထား စောင့်ကြည့်ပြီး ဆရာဝန်တွေကို ပြောပြဖို့ လိုပါတယ်။

Dr. Htar (www.drmyanmar.com)