/
news/ကလေးများနှင့်ကျန်းမာရေး/သင့်ကလေးရဲ့-ကျန်းမာဖွံ့ဖြိုးဖို့အတွက်-အားကစားလုပ်ခြင်းကလည်း-အရေးပါပါတယ်

သင့်ကလေးရဲ့ ကျန်းမာဖွံ့ဖြိုးဖို့အတွက် အားကစားလုပ်ခြင်းကလည်း အရေးပါပါတယ်

Category
ကလေးများနှင့်ကျန်းမာရေး

●  အသက် ၂ နှစ်ကနေ ၅ နှစ်
ကလေးငယ်ရွယ်စဉ်ကတည်းက အစပြုပါ။ ဘောလုံးကို လှိမ့်တာ၊ ပစ်တာ၊ ဖမ်းတာကနေ စပါ။ ကလေးရဲ့ အား၊ ဟန်ချက်ထိန်းတာတွေက အရမ်းမဖွံဖြိုးသေးတဲ့အတွက် တခြားအားကစားနည်းတွေကို မသင်ပေးသင့်ပါဘူး။

●  အသက် ၆ နှစ်ကနေ ၉ နှစ်
လှေကားပေးတက်တာ၊ ဘားခိုတာ၊ ဒန်းစီးတာ၊ လျှောစီးတာ စတဲ့ ကစားနည်းတွေ အားလုံးက ကလေးရဲ့လှုပ်ရှားသွားလာမှုနဲ့ ပတ်သက်တဲ့ စွမ်းရည်တွေကို တိုးတက်စေပါတယ်။ မိသားစုနဲ့ စိန်ပြေးလိုက်တမ်း ကစားစေတာမျိုးကလည်း ကြွက်သားတွေကို ကြံ့ခိုင်စေပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာမျိုးကိုလည်း ဖြည်းဖြည်းချင်း လေ့ကျင့်ပေးလို့ ရပါပြီ။

●  အသက် ၁၀ နှစ်ကနေ ၁၃ နှစ်
အားကစားနည်းမျိုးစုံနဲ့ ထိတွေ့ ဆော့ကစားခိုင်းပါ။ ဒီအရွယ်မှာ တစ်မျိုးတည်းလုပ်ရင် ကလေးရဲ့ဖွံ့ဖြိုးမှု၊ တီထွင်နိုင်မှုကို ကန့်သတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှု၊ လျင်မြန်မှု၊ ပျော့ပျောင်းသန်မာမှု၊ ဟန်ချက်ထိန်းနိုင်မှု စတဲ့ အကျိုးကျေးဇူးတွေကို ရစေပါတယ်။

●  အသက် ၁၄ နှစ်ကနေ ၁၇ နှစ်
ဒီအချိန်မှာတော့ သူကြိုက်တဲ့ အားကစားနည်း တစ်မျိုးမျိုးကို ရွေးချယ်ပြီး တစ်စိုက်မတ်မတ် လုပ်ခိုင်းပါ။ သေချာသင်ကြားပေးပါ။ မိဘ ကြိုက်တာကို ရွေးချယ်ခိုင်းတာမဟုတ်ဘဲ ကလေးရဲ့ရွေးချယ်မှုကို ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

>>  မိဘတွေအနေနဲ့ ဘာတွေ လုပ်ပေးရမလဲ?
●  ကလေးနဲ့အတူတူ အားကစား လိုက်လုပ်ပါ။ လေ့ကျင့်ခန်း၊ အားကစားတစ်ခုခု လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တာ စားပါ။ သင်က အိမ်ထဲမှာပဲ ထိုင်နေမယ်ဆိုရင်တော့ ကလေးကလည်း အားကစားလုပ်ဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။
●  တစိုက်မတ်မတ်လုပ်ပါ။ ကလေးရွေးချယ်လိုက်တဲ့ အားကစားနည်းအတွက် သင်တန်းမှန်မှန်ပို့၊ လေ့ကျင့်ဖို့အတွက် မှန်မှန်ခေါ်သွား၊ ပြိုင်ပွဲတွေကို အချိန်မှန် ပို့ပေးပါ။ လိုအပ်တာကို ထောက်ပံပေးပါ။
●  အာဟာရ ပြည့်အောင် ကျွေးပါ။ လေ့ကျင့်ပြီးတိုင်းမှာ ရေ/အရည်များများ တိုက်ပါ။ ကောင်းကောင်းအိပ်၊ ကောင်းကောင်း အနားယူခိုင်းပါ။
●  အားကစားနည်းအကြောင်း၊ ပြိုင်ပွဲအကြောင်းကို နားလည်အောင် လုပ်ပါ။ နည်းပြနဲ့ သိအောင် လုပ်ထားပါ။ ဒါမှသာ သင့်ကလေးရဲ့ အားနည်းချက်၊ အားသာချက်တွေကို သေချာနားလည်စေပြီး လိုအပ်သလို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ သင်က အဲလိုလုပ်ပေးခြင်းဖြင့် ကလေးက သင့်ကို ကျေးဇူးတင်ပြီး သူ့ကိုသူလည်း ယုံကြည်မှု ရှိလာစေပါတယ်။
●  အားပေးပါ၊ အတင်းအကျပ် မလုပ်ခိုင်းပါနဲ့။ ပြိုင်ပွဲတွေမှာလည်း အနိုင်ရဖို့၊ အတော်ဆုံးကစားသမားဖြစ်ဖို့ တွန်းနေတာထက် ကလေးကို ပျော်ပျော်ဆော့ဖို့ ပြောပါ။ ကိုယ့်ဘာသာ အကောင်းဆုံးလုပ်ဖို့ အရေးကြီးတဲ့အကြောင်း ပြောပြထားပါ။

Dr. Htar (www.drmyanmar.com)