/
news/ကလေးများနှင့်ကျန်းမာရေး/ထူးထူးဆန်းဆန်းတွေ-စားချင်တဲ့ရောဂါ

ထူးထူးဆန်းဆန်းတွေ စားချင်တဲ့ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

Pica ဆိုတာဟာ လူတွေစားလေ့မရှိသော ထူးဆန်းတဲ့အရာတွေကို စားချင်တဲ့ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ အိမ်သုတ်ဆေးအဖတ်များ၊ မြေကြီး၊ ရွှံ့ စတာတွေကို အများဆုံးစားတတ်ကြပြီး ကော်၊ ဆံပင်၊ စီးကရက်ပြာမှုန့်၊ မစင်တွေကိုလည်း စားကြပါသေးတယ်။
●  ဒီရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး အသက် ၁ နှစ်ကနေ ၆ နှစ်ကလေးတွေရဲ့ ၁၀-၃၀ ရာနှုန်းမှာ တွေ့ရတတ်ပါတယ်။
●  အော်တစ်ဇင်ကလေးတွေမှာလည်း တွေ့ရတတ်ပါတယ်။
●  ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း ထူးဆန်းတဲ့အရာတွေကို ချဉ်ခြင်းတပ်တတ်ပါတယ်။

>>  ရောဂါလက္ခဏာများ
စားစရာမဟုတ်တာတွေကို စားမိတဲ့အတွက် အောက်ပါလက္ခဏာတွေ ကြုံတွေ့ရတတ်ပါတယ်။
●  ဗိုက်မအီမသာဖြစ်ခြင်း
●  ဗိုက်အောင့်ခြင်း
●  ဝမ်းတွင်သွေးပါခြင်း
●  ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းပျက်ခြင်း

ထိုသို့ စားစရာမဟုတ်သောအရာတွေကို ကြာရှည်စားသုံးမယ်ဆိုရင်တော့ စားမိတဲ့ အစားအစာပေါ် မူတည်ပြီး ဝေဒနာ ခံစားရနိုင်ပါတယ်။
●  ခဲဆိပ်သင့်ခြင်း (အိမ်သုတ်ဆေးများကို စားခြင်းကြောင့်)
●  အူပေါက်ခြင်း သို့မဟုတ် အူပိတ်ခြင်း (ကျောက်တုံးများ စားမိခြင်းကြောင့်)
●  သွားများ ပျက်စီးခြင်း
●  ရောဂါပိုးဝင်ခြင်း စသည်တို့ ဖြစ်ပေါ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

>>  Pica ဖြစ်၊ မဖြစ် ဘယ်လိုသိနိုင်မလဲ?
သင့်ကလေးငယ်ဟာ လက်သည်းကိုက်တတ်သလား၊ အရုပ်တွေနဲ့ သူ့ဆံပင်ကို ပါးစပ်ထဲထည့်တာတွေက ပုံမှန်ကလေးတွေ ပြုလုပ်နေကျအရာဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ မြေကြီး၊ ရွှံ့ စတဲ့ စားစရာမဟုတ်တာတွေကို စားနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
●  ဆရာဝန်အနေနဲ့ ကလေးမှာ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာ ရှိ၊ မရှိနဲ့ အော်တစ်ဇင် ဖြစ်၊ မဖြစ်ကို အဖြေရှာမှာ ဖြစ်ပါတယ်။
●  တစ်လထက်ပိုပြီး စားနေတယ် ဆိုရင်တော့ Pica လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။
●  ကလေးရဲ့ သွေးတွင်းရှိ သံဓာတ်နဲ့ ဇင့်ဓာတ်ကိုလည်း စစ်ဆေးမှာ ဖြစ်ပါတယ်။

>>  ကုသနည်း
●  စားစရာမဟုတ်သောအရာတွေကို စားခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ရောဂါလက္ခဏာတွေကို ကုသရမယ့်အပြင် သံဓာတ်နဲ့ ဇင့်ဓာတ် ချို့တဲ့နေပါက အစားအသောက်နဲ့ အားဆေးများ လိုအပ်မှာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)