/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးလေးတွေ-အိပ်အောင်-ဘယ်လိုသိပ်မလဲ

ကလေးလေးတွေ အိပ်အောင် ဘယ်လိုသိပ်မလဲ

Category
ကလေးများနှင့်ကျန်းမာရေး

မွေးကင်းစကလေးတွေဟာ အိပ်ချိန်အတိအကျမရှိဘဲ နိုးလိုက်၊ နို့စို့လိုက်၊ အိပ်နေလိုက်ဖြစ်နေတတ် ပါတယ်။ တခါတရံမှာ ညအချိန်မတော် နိုးနေပြီး တော်တော်နှင့် ပြန်မအိပ်တာကြောင့် ကလေးကိုပြုစုရတဲ့ မိဘများအနေဖြင့် မနက်ခင်းရောက်တဲ့အခါမှာ ပင်ပန်းနွမ်းနယ်နေလေ့ရှိပါတယ်။
ကလေး တစ်ယောက်နှင့်တစ်ယောက် အိပ်စက်ချိန်မတူညီကြပါဘူး။ မွေးကင်းစကလေးငယ်တွေဟာ တစ်နေ့လျှင် 10 နာရီမှ 18 နာရီအထိ အိပ်စက်လေ့ရှိပြီး အသက် 4 လမှ 1 နှစ်အရွယ် ကလေးတွေကတော့ တစ်နေ့မှာ 9 နာရီမှ 12 နာရီအထိ အိပ်စက်လေ့ရှိပါတယ်။ အသက် 3 လအရွယ်မှစပြီး အိပ်ပျော်စေတဲ့ ဟော်မုန်း မယ်လတိုနင် စတင်ထွက်ရှိလာတာကြောင့် အဲဒီအရွယ်မှစပြီး ကလေးတွေရဲ့ အိပ်စက်ချိန်ဟာ ပိုမိုမှန်ကန်လာမှာဖြစ်ပါတယ်။
လအနည်းငယ်ရလာတဲ့အခါမှာ ကလေးငယ်တွေဟာ မောပန်းနွမ်းနယ်လာချိန်မှာ သူအလိုလို အိပ်သွားလေ့ရှိပါတယ်။ သူအလိုလိုလည်း မအိပ်ဘူး၊ သိပ်ရမယ့်အချိန်လည်း ရောက်လာပြီဆိုရင်တော့ ကလေးငယ်ကို စောင်ပါးပါးလေးဖြင့် ညင်သာစွာ ထွေးပွေ့ပေးခြင်း၊ သာယာငြိမ့်ညောင်းသော သီချင်းသံများဖွင့်ပေးခြင်း၊ အခန်းအလင်းရောင် လျှော့ချပေးခြင်း စတဲ့နည်းလမ်းတွေက ကလေးအိပ်ပျော်စေဖို့ အထောက်အကူပြုမယ့်နည်းလမ်းတွေ ဖြစ်ပါတယ်။ သတိပြုရမယ့်အချက် မိခင်က ကလေးငယ်နှင့်အတူ မရှိနိုင်ဘူးဆိုရင်တော့ စောင်ဖြင့် ထွေးပွေ့ခြင်းကို မလုပ်သင့်ပါဘူး။ စောင်က ကလေးငယ်ကို ဖိမိပြီး ကလေးငယ် ရုတ်တရက်သေဆုံးခြင်း (SIDS) ကို ဖြစ်စေနိုင်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)